သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဝကျွန်းပေါ် သီးထပ်စပါးနဲ့ ဆားကွင်းတွေ အခါမဲ့မိုးကြောင့် ထိခိုက်


မြန်မာနိုင်ငံရဲ့ စပါးကျီလို့ ဆိုကြတဲ့ မြစ်ဝကျွန်းပေါ်ဒေသက စပါးခင်းတွေမှာ ရောဂါပိုးမွှားကျရောက်တာ၊ ပြီးခဲ့တဲ့ ရက်ပိုင်း တွေမှာ အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့တာတွေ ရှိခဲ့လို့ လယ်စိုက်သူ တောင်သူတွေ အခက်ကြုံကြရသလို ဧရာဝတီတိုင်း ထဲက ဆားချက်လုပ်ငန်းခွင်တွေမှာလည်း ထိခိုက်မှုတွေ ရှိခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နာဂစ် ဆိုင်ကလုန်း ဘေးဒဏ်ကနေ ပြန်လည် နာလန်ထူနိုင်ဖို့အရေး ကြိုးစားနေတဲ့ ကြားကပဲ တပူပေါ် နှစ်ပူဆင့် ကြုံနေရတဲ့ မြစ်ဝကျွန်းပေါ် ဒေသခံတွေရဲ့ အခက်အခဲတွေကို စုံစမ်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

အခုတလော စပါး သီးထပ် စိုက်ပျိုးရာသီ မှာ စပါးခင်းတွေကို ပိုးမွှားကျတာ၊ ရေငန်ဝင်တာ၊ မကြာသေးခင်ကဆိုရင်လည်း အချိန်အခါမဟုတ် မိုးသည်းထန်ခဲ့လို့ လယ်စိုက်သူတောင်သူတွေရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ထိခိုက်ခဲ့ရတာပါ။ အခုဆို ရင် မြစ်ဝကျွန်းပေါ်ဒေသရဲ့ တချို့နေရာတွေမှာ နွေစပါးတွေ ရိတ်သိမ်းစတောင် ပြုနေတဲ့အချိန်၊ ကြုံနေရတဲ့ ပြဿနာ အထွေထွေကို လယ်သမားတယောက် ပြောပြတာကတော့ -

“အခု ကျနော်တို့ ဒီမှာကတော့ စပြီးတော့ နည်းနည်း စောစိုက်တဲ့သူတွေက ရိတ်သိမ်းချိန် ရောက်ပြီလေ။ တချို့လည်း ရိတ် ကုန်ကြပြီပေါ့။ ရိတ်ကုန်ကြတဲ့အခါကျတော့ ဒီမှာက အခု ပိုးကျတယ်ဗျာ။ နောက်တခါ ဒီမှာ ရေငန်ဝင်တယ်ဗျာ။ ရေငန် နည်းနည်း ဖောက်သွားတယ်။ အရင်တုန်းကဆို နှစ်စဉ်နှစ်တိုင်း ကျနော်တို့ ကွင်းတွေက ဒီ သီးထပ်မှာ ရာသီး သီး တယ်လေ။ တဧကကို တင်းတရာလောက် သီးတဲ့ကွင်းတွေက အခုအခါ တင်း ၇၀ လောက်ပဲ သီးတယ်။ အခုဟာ ဒီမှာ ရာသီဥတုကလည်း စိုးရိမ်ရတဲ့အနေအထားလေးမှာ ရှိတယ်လေ။ ဟိုတနေ့ကဆို မိုးပေါ့။ တော်တော်ကို သည်းသည်း ထန်ထန် ရွာလိုက်တဲ့အခါကျတော့၊ နှစ်နာရီလောက်ကို ရွာလိုက်တဲ့အခါကျတော့ ရေက ဘယ်လောက်ထိ တင်သွားလဲ ဆိုတော့ မိုးရေက ဒီမှာ လယ်ကွင်းထဲမှာတင် တပေလောက်ကို တင်သွားရော။ အပင်တွေ လဲ၊ ငိုက်ပြီးတော့ ကျနော်တို့ စပါးပင်တွေ ရေမြှုပ်ကုန်တာပေါ့နော်။ ဒါတွေက သူတို့က အချိန်ပြန်ယူပြီး ရေကို နှုတ်ပစ်ပြီးတော့ နေပြန်လှန်းမှပဲ ဒါက ပြန်သုံးလို့ရမှာ။ မဟုတ်လို့ရှိရင် စပါးတွေက ပျက်စီးသွားနိုင်ပါတယ်။ အခုဆိုလို့ရှိရင် စပါးရိတ် သိမ်းချိန် ရောက်တယ်ဆို အကုန်လုံးက နေဖို့ထိုင်ဖို့တောင် မလုပ်နိုင်ဘူး။ စပါးသိမ်းကြ ဘာသိမ်းကြနဲ့။ နောက်တခါ နှစ်တိုင်းလို မဟုတ်ဘူးလေ။ ကျနော်တို့ဆီမှာ မနှစ်က နာဂစ်တိုက်သွားတော့ ကျနော်တို့ စပါးသိုလှောင်တဲ့ သစ်အိမ်ပါ့နော်။ သစ်အိမ်တွေက အကုန်လုံး ပျက်စီး ဆုံးရှုံးသွားတာ။ လူနေဖို့တောင်မှ မနည်း ပြန်ပြီးတော့ ကြိုးစားနေရတဲ့ အခြေအနေ ဆိုတော့ ကျနော်တို့ ဒီနှစ်က စပါးတွေကို သိုလှောင်နိုင်တဲ့အဆင့် မရှိဘူးလေ။ ကွင်းထဲမှာပဲ ပေါက်ဈေးနဲ့ပဲပေါ့၊ လာသိမ်းလို့ ရှိရင်လည်း ရောင်းပေါ့။ စက်တွေကိုလည်း အဝယ်ဒိုင်တွေ ပို့ပေါ့။ အဲဒီလိုမျိုး လုပ်နေကြတဲ့အနေအထားပေါ့။”

ဒီလို လယ်ယာစိုက်ပျိုးရေးလုပ်ငန်းခွင်မှာသာမက မြစ်ဝကျွန်းပေါ်ဒေသက စီးပွားရေးလုပ်ငန်းတခုဖြစ်တဲ့ ဆားချက်လုပ်ငန်း မှာလည်း ပြီးခဲ့တဲ့ တပတ်လုံးရွာသွန်းခဲ့တဲ့ မိုးကြောင့် ထိခိုက်မှုတွေ ဖြစ်ခဲ့ရတာပါ။ အထူးသဖြင့်ကတော့ ဧရာဝတီ တိုင်း လပွတ္တာ၊ ဟိုင်းကြီးကျွန်း စတဲ့ ဒေသတွေက ဆားချက်လုပ်ငန်းခွင်တွေမှာ မိုးကြောင့် ပျက်စီးမှုတွေ ရှိခဲ့တာ ဖြစ်ပါ တယ်။

“လပွတ္တာ တို့ ဟိုင်းကြီး တို့၊ ဒီ ပုသိမ်ဘက်တွေမှာ မိုးက မစဲတမ်း ရွာသွားပါတယ်။ အဲတော့ ဒီကွင်းထဲမှာ မြေပြန့်တွေထဲမှာ ဆားချက်ရတဲ့ လုပ်ငန်းကတော့ အများကြီး ထိခိုက်တာပါ။”

တကယ်တော့ ပြီးခဲ့တဲ့နှစ် မေလ ထဲတုန်းက တိုက်ခတ်ခဲ့တဲ့ နာဂစ်ဆိုင်ကလုန်း လေဘေးဒဏ်ကြောင့် အထိအနာဆုံး ဖြစ်ခဲ့ရ တဲ့ မြစ်ဝကျွန်းပေါ် ဒေသခံတွေ အနေနဲ့ နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှုတွေနဲ့ ပြန်လည်နာလန်ထူနိုင်ဖို့ ကြိုးစားနေကြရ ဆဲပါ။ ဒီလို အကူအညီတွေ ပေးအပ်နေတယ်ဆိုပေမဲ့လည်း ဒေသခံတွေအဖို့ကတော့ အစစ မပြည့်စုံသေးတဲ့ အခြေအနေ မှာပဲ ရှိနေတုန်းပဲလို့လည်း ဆိုနေကြဆဲပါ။

“အခုက ဗျာ။ ဒီနှစ်က နှစ်စဉ်က ပိုးမွှားကြောင့် အထွက်လျော့တာပေါ့နော်။ ခုနကပြောသလို ရေငန်ကြောင့်မို့ အထွက်လျော့ တာပေါ့။ ကျန်တဲ့အကြောင်းအရာတွေလည်း ရှိတယ်ဗျ။ ကျနော်တို့ ဓာတ်မြေသြဇာကလည်း သူက ဒီ ယူအဲန် လက်အောက် ခံ ပေါ့။ အဲန်ဂျီအို အဖွဲ့အစည်းတွေက ပေးတော့ပေးတယ်ဗျ။ ပေးတယ်ဆိုတာကလည်း တဧက ကိုမှ ယူရီးယား ဓာတ်မြေသြဇာ ကို နှစ်အိတ် နှုန်းပေးတယ်။ ဒီဆးပါက နှစ်အိတ်နှုန်းပဲ ပေးတယ်။ အဲဒါက လယ်သမားတဦးကို ပေးတာ ခင်ဗျ။ ကျနော်တို့က ဒီမှာက တဧကကိုတင် သုံးရတဲ့ ပမာဏ က အဲဒီထက်မက သုံးနေရတာလေ။ အဲဒီတော့ သူတို့ ပေးတယ် ဆိုတဲ့အပိုင်းတွေက ကျနော်တို့ နည်းနည်းပါးပါး အထောက်အပံ့ ဖြစ်သလောက်ပဲ ရတယ်လေ။ ကျနော်တို့ လုံလောက်မှု မရှိဘူးခင်ဗျ။ ပိုးသတ်ဆေးကတော့ ဒီနှစ် သူတို့က ပိုးသတ်ဆေးကို မပေးဘူးခင်ဗျ။ ကျနော်တို့ နောက်ပိုင်း ပိုးကျတယ်ဆိုတဲ့အချိန် ရောက်တော့မှပဲ မြို့နယ်စိုက်ပျိုးရေး ရုံးတွေက ရောင်းပေးတာတော့ နည်းနည်းရှိတယ်ခင်ဗျ။ ဒါပေမဲ့လည်း ကျနော်တို့ ဝယ်သုံးရတဲ့ ပိုးသတ်ဆေးက ဈေးတော့သက်သာတယ်။ ကျနော်တို့ ဒီမှာ ကျနေတဲ့ပိုးနဲ့က မသက်ဆိုင်ဘူးလေ။ မဆိုင်တဲ့အခါကျတော့ အပြင်ဆေးတွေပဲ သုံးရတယ်။ ဒီနှစ်က ပိုးသတ်ဆေး ဈေးနှုန်းအနေအထားက နှစ်တိုင်းထက်စာလို့ရှိရင် ဒီနှစ်က နည်းနည်း ဈေးများတယ်ဗျ။”

ပြီးခဲ့တဲ့နှစ် မေလထဲတုန်းက တိုက်ခတ်ခဲ့တဲ့ လေဘေးဒဏ်ကြောင့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် စတဲ့ ဒေသတွေမှာ ထိခိုက်မှုရှိခဲ့တဲ့ အထဲမှာ မြစ်ဝကျွန်းပေါ်ဒေသကတော့ အထိအနာဆုံး ဖြစ်ခဲ့တာပါ။ လေဘေးဒဏ်ကြောင့်လည်း လူပေါင်း ၈ သိန်းခွဲလောက် သေကြေခဲ့ရပြီး နောက်ထပ်လူပေါင်း ၂ သန်းခွဲလောက်အထိ ထိခိုက်မှုတွေ ရှိခဲ့တယ်ဆိုပြီး ကုလသမဂ္ဂက ခန့်မှန်း တွက်ချက်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG