မြောက်ကိုရီးယားနိုင်ငံ မြောက်ပိုင်း တရုတ်နိုင်ငံနယ်စပ်မှာ မြောက်ကိုရီးယား စစ်တပ်ကနေ အမေရိကန်သတင်းထောက် နှစ်ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ တောင်ကိုရီးယားက လာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ အမေရိကန် အမျိုးသမီး သတင်းထောက်နှစ်ယောက်ဖြစ်တဲ့ လော်ရာလင်း (Laura Ling) နဲ့ ယူနာလီ (Euna Lee) တို့ နှစ်ယောက်ကို တရုတ်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံနယ်စပ်အကြား ကျူမယ် မြစ်နားမှာ အင်္ဂါနေ့က ဖမ်းဆီးခဲ့တာလို့ သတင်းရရှိသလို တချို့ သတင်းတွေကလည်း နှစ်နိုင်ငံနယ်စပ်နားက ယာလူ မြစ်နားမှာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
မြောက်ကိုရီးယား နယ်ခြားစောင့်တပ်တွေကနေ လော်ရာလင်း နဲ့ ယူနာလီး တို့ကို ဗွီဒီယိုမရိုက်ဖို့ တားမြစ်ခဲ့ပေမဲ့ သူတို့က ဂရုမစိုက်ဘဲ နေခဲ့တာကြောင့် ဖမ်းဆီးလိုက်ရတာလို့ ဆိုပါတယ်။ သူတို့နှစ်ယောက်ကို တရုတ်ပိုက်နက်ထဲမှာ ဖမ်းခဲ့တာလား၊ မြောက်ကိုရီးယားပိုက်နက် နယ်မြေထဲမှာ ဖမ်းခဲ့တာလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
သူတို့နှစ်ယောက်ဟာ မြောက်ကိုရီးယားနိုင်ငံကနေ တရုတ်နိုင်ငံထဲကို ထွက်ပြေးလေ့ရှိတဲ့ ဒုက္ခသည်တွေနဲ့ပတ်သက်တဲ့ သတင်းကို ရယူဖို့အတွက် အဲဒီ နယ်စပ်ဒေသကို ရောက်ရှိနေကြတာ ဖြစ်ပါတယ်။ သူတို့ဟာ Current TV လို့ခေါ်တဲ့ ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် အင်တာနက် အွန်လိုင်းသတင်းဌာနအတွက် သတင်းယူနေကြတာလို့လည်း သတင်း တွေမှာ ဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကနေ တရုတ်နိုင်ငံနဲ့ အနီးကပ် ပူးပေါင်းပြီး သတင်း အချက် အလက်တွေ ရယူနေပါတယ်။ မကြာမီမှာ ဒီကိစ္စကို ကိုင်တွယ်မှာဖြစ်တယ်လို့ သံတမန်သတင်းရပ်ကွက်တွေကနေ ပြောဆို ကြပါတယ်။ မြောက်ကိုရီးယားကနေ တိုက်ချင်းပစ်ဒုံးပျံလို့ မသင်္ကာရတဲ့ ဂြိုတ်တုတလုံးကို ရှေ့လဆန်းမှာ စမ်းသပ် ပစ်လွှတ် မယ့်ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ မြောက်ကိုရီးယား ဆက်ဆံရေးတင်းမာနေတဲ့အချိန်မှာ အခုလို အမေရိကန် သတင်းထောက် နှစ်ဦး အဖမ်းခံရတာဖြစ်ပါတယ်။