မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် မြန်မာနိုင်ငံအတွင်း ယုံကြည်ချက်ကြောင့် စွန့်လွှတ် စွန့်စားသူ အမျိုးသမီးတွေနဲ့အတူ လက်တွဲ ရပ်တည်သွားမယ့်အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် က ပြောဆိုပါတယ်။
မတ်လ ၁၁ရက်နေ့က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ကျင်းပတဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ အခမ်းအနားမှာ ဟီလာရီ ကလင်တန်က အခုလို ပြောဆိုသွားတာ ဖြစ်ပါတယ်။
ကျမတို့နဲ့ အတူ လက်တွဲပါဝင်ခွင့်ကို အစိုးရတွေက ပိတ်ပင်ထားလို့ ဒီအခမ်းအနားကို ရောက်မလာနိုင်တဲ့.. အနှစ် ၂၀ အတွင်းမှာ နှစ်တွေ တော်တော်များများ နေအိမ်အကျယ်ချုပ်အဖြစ် အထိန်းသိမ်းခံနေရပေမဲ့ (ဒေါ်အောင်ဆန်းစုကြည် ဟာ) ကမ္ဘာ့ပြည်သူတွေအတွက် အင်အားနဲ့ မျှော်လင့်ချက်အဖြစ် ဆက်ပြီး ရပ်တည်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဥပမာထားပြီး မြန်မာနိုင်ငံအတွင်း မှာ ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသူ အခြား အမျိုးသမီးတွေ၊ ပြည်ပကို နှင်ထုတ် ခံရသူတွေနဲ့ စစ်တပ်ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ခံခဲ့ရသူတွေအတွက်လည်း အင်အားတရပ် ဖြစ်ခဲ့ပါတယ် လို့ ပြောဆိုသွားတာပါ။
လူအဖွဲ့အစည်းအတွင်း တိုးတက်မှုတွေကို တိုင်းတာရာမှာ အမျိုးသမီးနဲ့ မိန်းကလေးတွေရဲ့ အဆင့်အတန်းကို ဘယ်လောက် အထိ မြှင့်တင်ပေးနိုင်သလဲ ဆိုတာနဲ့ တိုင်းတာရမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က ပြောဆို ပါတယ်။ အမျိုးသမီးတွေကို တိုးတက်အောင် လုပ်မပေးနိုင်ဘဲ၊ ကမ္ဘာ့လူဦးရေ တ၀တ်လောက် တိုးတက်မှု နောက်ကျ ကျန်ခဲ့ မယ် ဆိုရင် ဒီနေ့ နိုင်ငံတွေမှာ ရင်ဆိုင်နေရတဲ့ စီးပွားရေး ပြဿနာ၊ ရာသီဥတု ပြောင်းလဲမှုတွေနဲ့ ငတ်မွတ် ခေါင်းပါးမှုတွေ ကို အောင်အောင်မြင်မြင် တိုက်ဖျက်နိုင်မှာ မဟုတ်ဘူးလို့လည်း ပြောဆိုပါတယ်။