၂၀၀၈ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတန်ဖိုး စုစုပေါင်းဟာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၉၇၉.၉ သန်း ရှိတာမို့ ၂၀၀၇ ခုနှစ်တန်ဖိုးနဲ့ယှဉ်ရင် နှစ်ဆ တိုးမြှင့်ခဲ့တယ်လို့ မြန်မာစစ်အစိုးရက တရားဝင်ထုတ်ပြန်တဲ့ စာရင်းတွေ အရ ဆိုပါတယ်။ အခုလို တိုးမြှင့်ခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တန်ဖိုးရဲ့ ၈၈ % ဟာ ဓာတ်သတ္တုတူးဖော်တဲ့ မိုင်းလုပ်ငန်းက ဖြစ်တယ်လို့ဆိုသလို ဒီနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုရဲ့ ၉၀ % ဟာလည်း တရုတ်အစိုးရပိုင် ကုမ္ပဏီတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အခု ၂၀၀၈ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တန်ဖိုး နှစ်ဆတောင် တိုးမြှင့်လာတာဟာ တိုင်းပြည် အတွက် ဘယ်လောက် အတိုင်းအတာအထိ အကျိုးဖြစ်ထွန်းနိုင်မလဲ။ ဒီအကြောင်းတွေကို သိရအောင် မြန်မာ့စီးပွားရေးကို အနီးကပ် စောင့်ကြည့်လေ့လာနေတဲ့ သြစတြေးလျနိုင်ငံ မခွာရီ (Macquarie) တက္ကသိုလ်က စီးပွားရေးပါမောက္ခ ဒေါက်တာ ရှောင် တာနယ်လ် (Sean Turnell) ကို နော်ရှိုးက ဆက်သွယ်မေးမြန်းတော့ သူက အခုလို ရှင်းပြပါတယ်။
“ဓာတ်သတ္တုတူးဖော်တဲ့ မိုင်းလုပ်ငန်းလို သဘာ၀ သံယံဇာတတွေကို ထုတ်ယူတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးတွေဟာ တိုင်းပြည်အတွက် အကျိုးဖြစ်ထွန်းမှု အနည်းဆုံး ရင်းနှီးမြှုပ်နှံမှုမျိုုးလို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလို ရင်းနှီးမြှုပ်နှံမှုတွေဟာ စက်ရုံအလုပ်ရုံတွေ၊ အလုပ်အကိုင်တွေ၊ အသိပညာနဲ့ နည်းပညာသစ်တွေကို ဖန်တီး မပေးပါဘူး။ ပိုက်ဆံတွေကို သံယံဇာတ တူးထုတ်ဖို့အတွက် အဓိက အသုံးပြုတာဖြစ်ပါတယ်။”
ဒါပေမဲ့လည်း ဒီကနေ ရတဲ့ငွေကလည်း မနည်းလှဘူးဆိုတော့ ဒီငွေတွေကို သုံးပြီး အကျိုးရှိအောင်ရော လုပ်လို့ မရဘူးလား ရှင့်။ -
“မိုင်းလုပ်ငန်းတွေကနေ အစိုးရအတွက် ပိုက်ဆံတွေ အလုံးအရင်းနဲ့ ဝင်လာတာကတော့ မှန်ပါတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကလည်း ငွေအများကြီး ဝင်တာပါပဲ။ ဒါပေမဲ့ အစိုးရက ဒီငွေတွေကို သူတို့အတွက်ပဲ ထားနေတာက ပြဿနာပါ။ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေမှာ အဲဒီငွေတွေကို ပြန်ပြီးတော့ ရင်းနှီး မြှုပ်နှံတာ တွေက သိပ်နည်းပါတယ်။ အမှန်တော့ စစ်အစိုးရအဖို့က ရေနံတို့၊ သတ္ထုတူးဖော်တဲ့ မိုင်းလုပ်ငန်း တို့ ကနေ ဝင်တဲ့ ငွေပမာဏနဲ့ တိုင်းပြည်ရဲ့ စီးပွားရေးကို တိုးတက်အောင်လုပ်ဖို့ ကောင်းကောင်းကြီးကို လုံလောက်ပါ တယ်။”
ဆိုတော့ ဒီငွေတွေ ဘယ်ရောက်သွားတယ် ထင်ပါသလဲ။ နောက် အစိုးရ အနေနဲ့ကရော ဒီလောက်များတဲ့ ငွေတွေကို စီမံ ကွပ်ကဲနိုင်စွမ်း ရှိတယ်လို့ ထင်ပါလားရှင့်။ -
“အများစုကတော့ National Account လို့ခေါ်တဲ့ အမျိုးသား ဘဏ္ဍာငွေစာရင်းထဲမှာ ရှိရမဲ့အစား မြန်မာ့ နိုင်ငံခြား ကုန်သွယ်ရေးဘဏ်နဲ့ နိုင်ငံခြားက ဘဏ်တွေမှာ ဒီလိုပဲ ငွေအိပ်နေတာပါ။ ဒီငွေတွေကို သူတို့ တကယ်ပဲ စီမံကွပ်ကဲနိုင်သလား ဆိုတာကိုလည်း သံသယဖြစ်နေကြရသလို အစိုးရကိုယ်တိုင်က ဒီငွေတွေကို တာဝန်သိသိနဲ့ တိုင်းပြည်အတွက် အကျိုးရှိအောင် အသုံးပြုချင်တဲ့ ဆန္ဒမရှိ ဖြစ်နေတာပါ။ တိုင်းပြည်စီးပွားရေး တိုးတက်ဖို့ အကြံကောင်းဉာဏ်ကောင်းတွေကိုလည်း နားမထောင်ချင်တဲ့ အပိုင်းတွေကလည်း ရှိနေပါတယ်။ နောက်တခါ နိုင်ငံခြားကုမ္ပဏီတွေအနေနဲ့ တခြား ပြည်သူ့အကျိုးပြု ကဏ္ဍမျိုးတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ကျပြန် တော့လည်း မြန်မာနိုင်ငံမှာ ရှိသင့်ရှိထိုက်တဲ့ စီးပွားရေးဆိုင်ရာ ဥပေဒေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ တည်ငြိမ်မှု တွေက မရှိပြန်ပါဘူး။”
ဟုတ်ကဲ့။ ဒါဆိုရင် လက်ရှိမြန်မာနိုင်ငံအနေအထားနဲ့ ဒီသဘာ၀ သံယံဇာတတူးဖော်တဲ့ လုပ်ငန်းတွေကို ပြည်သူတွေအတွက် အကျိုးရှိအောင် ဘယ်လိုများ လုပ်ဆောင်လို့ရမလဲရှင့်။ -
“တွင်းထွက်ပစ္စည်းတူးဖော်တဲ့ လုပ်ငန်းဆိုတာ လုံး၀ အကျိုးမဖြစ်ထွန်းတဲ့ကိစ္စလို့ ပြောလို့ မရပါဘူး။ တိုင်းပြည် အတွက် တကယ် အကျိုးရှိအောင်လုပ်လို့ ရပါတယ်။ ကျနော်တို့ သြစတြေးလျနိုင်ငံမှာဆို ဓာတ်သတ္တု တူးဖော် ရေး၊ မိုင်းလုပ်ငန်းတွေနဲ့ တခြားတွင်းထွက်တူးဖော်ရေး လုပ်ငန်းတွေဟာ တိုင်းပြည် စီးပွားရေးအတွက် အင်မတန် အရေးပါပါတယ်။ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေ အနေနဲ့ ဒီလို သဘာဝသံယံဇာတတွေကို တူးဖော်ကြမယ်ဆိုရင် နိုင်ငံတကာက သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းတွေနဲ့အညီ ဆောင်ရွက်ဖို့လိုပါတယ်။ ဒီလိုဆောင်ရွက်နေတဲ့ အနောက်တိုင်းက စွမ်းအင်ဆိုင်ရာ ကုမ္ပဏီတွေ ကျနော်တို့ဆီမှာ အများကြီးရှိပါတယ်။ ခက်တာက မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်နေတာ အများဆုံးက တရုတ်ကုမ္ပဏီတွေဆိုတော့ သူတို့က ဒီ စည်းမျဉ်းစည်းကမ်းတွေကို သိပ်အလေးထားလေ့ မရှိပါဘူး။ နောက် - အစိုးရဘက်ကလည်း ဒီက ရတဲ့ ငွေတွေကို ပြည်သူတွေ အကျိုးရှိစေမယ့် ပညာရေး၊ ကျန်းမာရေး၊ အခြေခံအဆောက်အဦတွေအတွက် အသုံးပြုရမှာဖြစ်ပါတယ်။ နောက်အရေးကြီးတဲ့ အချက်တခုက ကျေးလက်ဒေသတွေမှာ စိုက်ပျိုးရေးလုပ်ငန်း တွေ တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နိုင်ဖို့ အစိုးရက အရင်းအနှီးအဖြစ် အမတော်ကြေးငွေ ထုတ်ချေးပေးဖို့ လိုအပ်ပါတယ်။”
ဟုတ်ကဲ့။ တခုရှိတာက တရုတ်နိုင်ငံဟာ မြန်မာပြည်တပြည်ထဲမှာပဲ အခုလို တွင်းထွက်တူးဖော်ရေး လုပ်ငန်းတွေမှာ ရင်းနှီး မြှုပ်နှံတာ မဟုတ်ပါဘူး။ အာဖရိကနိုင်ငံ တော်တော်များများမှာလည်း အကြီးအကျယ် ရင်းနှီးမြှုပ်နှံမှုတွေ ရှိနေတယ် ဆိုတော့ မြန်မာနိုင်ငံနဲ့အခြေအနေ ဘယ်လို ကွာခြားမှုများ ရှိပါသလဲရှင့်။ -
“အာဖရိကနိုင်ငံ တော်တော်များများမှာ တရုတ်ရဲ့ ရင်းနှီးမြှုုပ်နှံမှုတွေမှာလည်း အလားတူပြဿနာတွေတော့ ရှိနေပါတယ်။ ဒါပေမဲ့ အဲဒီမှာက မြန်မာနိုင်ငံထက် အခြေအနေက ပိုကောင်းတယ်လို့ ပြောရမှာပါ။ အဓိက အကြောင်းရင်းကတော့ အာဖရိကနိုင်ငံတွေက အစိုးရတွေဟာ ပြည်သူကို အကျိုးပြုမယ့် မူဝါဒတွေကို မြန်မာ စစ်အစိုးရထက် အထူးအလေးပေးပြီးတော့ ချမှတ်နေတာတွေကို တွေ့ရလို့ပါပဲ။”