သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမား ကမ်းလှမ်းချက် အီရန် ခေါင်းဆောင်ပယ်ချ


နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည်ထူထောင်ဖို့ အမေရိကန်သမ္မတ ဘားရက်အိုးဘားမား ရဲ့ ကမ်းလှမ်းမှုကို အီရန်ခေါင်းဆောင် အယာတိုလာ ခါမီနီ က ပယ်ချလိုက်ပြီးတော့ အမေရိကန်ဟာ ကြွေးကြော်သံသာပြောင်းပြီး သမ္မတ အိုဘားမား ရဲ့ စကားက လွဲလို့ အီရန်အပေါ် အမေရိကန်ရဲ့ မူဝါဒ ဘာတခုမှ ပြောင်းလဲတာမတွေ့သေးဘူးလို့ ဘာသာရေးမြို့တော် မတ်ရှပ် မှာ အလီ ခါမီနီ က ဒီကနေ့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သမ္မတ အိုဘားမား က အီရန်ကို နှစ်သစ်ကူး နှုတ်ခွန်းဆက်လိုက်ပေမဲ့ တဘက်မှာတော့ အီရန်ဟာ အကြမ်းဖက်သမားတွေကို အားပေးနေတယ်။ နျူကလီးယားလက်နက်တွေ ထုတ်လုပ်ဖို့ ကြိုးစားနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေကို အမေရိကန်ဘက်က မရပ်သေးဘူးလို့လည်း အယာတိုလာခါမီနီ က ပြောဆိုလိုက် ပါတယ်။

အီရန် ထိပ်တန်းအရာရှိတဦးကတော့ စောစောပိုင်းမှာ အမေရိကန်သမ္မတ ရဲ့ ကမ်းလှမ်းမှုကို ကြိုဆိုခဲ့ပေမဲ့ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ဖို့ အပြောနဲ့ချည်းပဲ မလုံလောက်သေးဘူးလို့လည်း သတိပေးခဲ့ပါတယ်။

ပါရှန် ပြက္ခဒိန်အရ နှစ်သစ်ကူးနေ့ နော်ရုဇ် နေ့ဖြစ်တဲ့ မတ်လ ၁၀ ရက်နေ့မှာ သမ္မတ အိုဘားမား က အမေရိကန်နဲ့ အီရန် နှစ်နိုင်ငံကြား အရေးကြီးတဲ့ ကွဲပြားခြားနားမှုတွေအပေါ် သံခင်းတမန်ခင်းနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ အာမခံထားပြီး အီရန်လူထုကို နှစ်သစ်ကူး နှုတ်ဆက်ဆုမွန်ကောင်း တောင်းလိုက်တဲ့ ဗွီဒီယိုရိုက်ကူးထားတဲ့အခွေကို အီရန်ကို ပေးပို့ခဲ့ပါ တယ်။

ဒီပြုမူဆောင်ရွက်ချက်ဟာ အီရန်နဲ့ဆက်ဆံရေး ပိုမိုကောင်းမွန်မှုကို ရှေ့ရှုပြီး သမ္မတ အိုဘားမား စီစဉ်ထားတဲ့ ကမ်းလှမ်းမှု တွေထဲက တခုဖြစ်ပြီးတော့ အမေရိကန်ပြည်ထောင်စုဟာ အီရန်ရဲ့အပြန်အလှန် ကမ်းလှမ်းမှုကို မျှော်လင့်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ရောဘတ်ဝုဒ် က ဆိုပါတယ်။

နောက်ထပ် အီရန်သတင်းတပုဒ်မှာတော့ အီရန်အကျဉ်းထောင်က အကျဉ်းသားတွေကို ဆေးကုသခွင့် မပေးဘဲထားခြင်းဖြင့် အပို အပြစ်ဒဏ် ထပ်ပြီး ပေးနေတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် Amnesty International အဖွဲ့ကြီးက သောကြာ နေ့က ကြေညာချက်တစောင် ထုတ်ပြန်ပြီး အီရန်အာဏာပိုင်တွေကို ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

နမူနာအားဖြင့် အီရန်ခေါင်းဆောင် အယာတိုလာခါမီနီ ကို စော်ကားမှုနဲ့ လပေါင်း ၃၀ ကြာအောင် ထောင်ဒဏ်ကျခံရပြီး ထောင်ထဲမှာပဲ သေဆုံးသွားခဲ့တဲ့ အင်တာနက်ဘလော့ဂါ အာမီဟိုစိန် ဟက်ရှ်မက်ဆွာဝှမ်း ကို နမူနာအဖြစ် AI အဖွဲ့ကြီးက ထောက်ပြပြီးတော့ သူဟာ အသက်ကယ်စောင့်ရှောက်မှုကို ငြင်းဆန်ခံရပြီး ဒီအတိုင်း သေဆုံးသွားတဲ့အထိ ပစ်ထားခံရ တယ်လို့ AI အဖွဲ့ကြီးရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG