သုံးရလွယ်ကူစေသည့် Link များ

ရုရှားအပေါ် စိတ်ရှည်ဖို့ အမေရိကန်ကို ဂေါ်ဘာချော့ဗ် တိုက်တွန်း


ရုရှားနိုင်ငံဟာ ဖွံ့ဖြိုးဆဲဒီမိုကရေစီနိုင်ငံ ဖြစ်ပါတယ်လို့ ဆိုရင်း ရုရှားနဲ့ ပတ်သက်လာ ရင် အမေရိကန်ပြည်ထောင်စုဟာ စိတ်ရှည်သင့်တယ်လို့ ဆိုဗီယက် ပြည်ထောင်စုရဲ့ နောက်ဆုံးသမ္မတ မီခေးလ် ဂေါ်ဘာချော့ဗ် (Mikhail Gorbachev) က ပြောလိုက်ပါ တယ်။ သောကြာနေ့က အင်တား အမေရိကန် (Inter American) ဖွံ့ဖြိုးတိုးတက်ရေး ဘဏ်မှာကျင်းပခဲ့တဲ့ စီးပွားရေးဆိုင်ရာ ညီလာခံတခုအတွင်း ကိစ္စရပ်အများအပြား ကို ပြောဆိုတဲ့နေရာမှာ မစ္စတာဂေါ်ဘာချော့ဗ် က အခုလို ထည့်သွင်း ပြောကြားသွား တာပါ။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲတဲ့ထိ ဖြစ်စေခဲ့တဲ့ ဒီအခြေအနေတွေကို မစ္စတာ ဂေါ်ဘာချော့ဗ်က ပြန်ပြောင်းပြောဆိုခဲ့သလို အခု ရုရှားနိုင်ငံရင်ဆိုင်နေရတဲ့ အခြေ အနေတွေကိုလည်း ပြောဆိုသွားပါတယ်။ ဗွီအိုအေသတင်းထောက် Brian Padden ပေးပို့ထားတဲ့ သတင်းဆောင်းပါးကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

သမ္မတအိုဘားမားအစိုးရလက်ထက်မှာ ရုရှားနဲ့အမေရိကန်ပြည်ထောင်စုအကြား ဆက်ဆံရေးအသစ်တခုဖော်ဆောင်ဖို့ အခွင့်အလမ်း ရှိနေတယ်လို့ ဆိုဗီယက် သမ္မတ ဟောင်း မီခေးလ် ဂေါ်ဘာချော့ဗ် က မြင်ပါတယ်။

“အမေရိကန်ပြည်ထောင်စုဟာ အပြောင်းအလဲလိုချင်တယ်” လို့ မိမိ မျှော်လင့်ကြောင်း မစ္စတာဂေါ်ဘာချော့ဗ်က ရုရှား ဘာသာစကားနဲ့ ပြောသွားတာပါ။

ဝါရှင်တန်ဒီစီ က အမေရိကန်နိုင်ငံများရဲ့ စီးပွားရေးဆိုင်ရာကောင်စီတခုမှာ မစ္စတာဂေါ်ဘာချော့ဗ် မိန့်ခွန်း ပြောကြားခဲ့ တာပါ။ သူ့ရဲ့မိန့်ခွန်းထဲမှာ အတိတ်ကို ပြန်ပြောင်းသုံးသပ်ပြီး ဒီကနေ့ ကမ္ဘာကြီးမှာ ရုရှားနိုင်ငံရဲ့ အခန်းကဏ္ဍကို ကာကွယ် ပြောကြားခဲ့ပါတယ်။ အိုဘားမားအစိုးရလက်ထက်မှာ အမေရိကန်ပြည်ထောင်စုနဲ့ ရုရှားနိုင်ငံအကြား ဆက်ဆံရေး တိုးတက် လာနိုင်တယ်လို့ သူမျှော်လင့်ထားတာကိုလည်း ပြောသွားပါသေးတယ်။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲရတာဟာ ၁၉၈၀ ပြည့်နှစ်တွေမှာ ရေနံဈေးနှုန်း ကျသွားတာက အကြောင်းရင်း တစိတ်တပိုင်းဖြစ်ပြီး ရုရှားဝန်ကြီးချုပ် ဗလာဒီမီယာ ပူတင် ဟာ ရေနံဈေးနှုန်း တက်တဲ့အချိန်မှာ အာဏာရလာတဲ့အတွက် ကံကောင်းတယ်လို့ ပြောသွားပါတယ်။

ဆိုဗီယက်ပြည်ထောင်စုမပြိုကွဲဘဲ ၁၉၈၀ ပြည့်နှစ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒီမိုကရေစီရှင်သန်ရေးဆိုင်ရာ သူ့ရဲ့ စီမံကိန်း တွေ အတွက် အချိန်ပိုရချင်ခဲ့တယ်လို့ပြောသလို အဆုံးတနေ့မှာတော့ ဖြစ်သင့်တာ ဖြစ်သွားတာပါပဲလို့ ဆိုပါတယ်။

ရုရှားနိုင်ငံရဲ့ တင်းမာတဲ့ နိုင်ငံခြားရေးမူဝါဒကို မစ္စတာဂေါ်ဘာချော့ဗ် က ခုခံပြောကြားပါတယ်။ ရုရှားနိုင်ငံဟာ ဖွံ့ဖြိုးဆဲ ဒီမိုကရေစီ နိုင်ငံဖြစ်ပြီး ရုရှား၊ ယူကရိန်းနဲ့ ဂျော်ဂျီယာလူမျိုးတွေကြားထဲမှာ သမိုင်းကြောင်းနဲ့ လူမျိုးရေးဆက်နွယ်မှုတွေ အခိုင်အမာ ရှိထားတယ်လို့ ပြောပါတယ်။

ရုရှားနိုင်ငံနဲ့ပတ်သက်ရင် ပိုပြီး စိတ်ရှည်ဖို့ အမေရိကန်ပြည်ထောင်စုကို တိုက်တွန်းခဲ့သလို ဆိုဗီယက်ပြည်ထောင်စုနိုင်ငံ ဟောင်းတွေ ဖြစ်ကြတဲ့ ယူကရိန်းနဲ့ ဂျော်ဂျီယာတို့ကို မြောက်အတ္တလန်တိတ်စာချုပ် NATO အဖွဲ့ဝင်ဖို့ ကမ်းလှမ်းခြင်းအား ဖြင့် ရုရှားကို ရန်မစဖို့လည်း ပြောပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာငွေကြေးဈေးကွက် အကျပ်အတည်းအတွက် အမေရိကန်ပြည်ထောင်စုမှာ အဓိကတာဝန် ရှိတယ် လို့ မစ္စတာဂေါ်ဘာချော့ဗ်က ပြောပါတယ်။ ရုရှားနိုင်ငံဟာ စွမ်းအင်ကရတဲ့အမြတ်အစွန်းကို စက်မှုလုပ်ငန်းတွေ ခေတ်မီအောင်နဲ့ ကျယ်ပြန့်အောင်လုပ်ဖို့ အသုံးမပြုခဲ့တာကြောင့် အထိနာရတယ်လို့ဆိုပါတယ်။

ဒါပေမဲ့ ခုချိန်ထိတော့ အမေရိကန်သမ္မတ ဘရက် အိုဘားမားကို မစ္စတာဂေါ်ဘာချော့ဗ်က သဘောကျနေဆဲပါ။ နျူကလီးယား စွမ်းအင်လက်နက် ဖျက်သိမ်းရေးကိစ္စ၊ ကမ္ဘာ့စွမ်းအင်အရင်းအမြစ် တည်ငြိမ်ရေးကိစ္စနဲ့ အကြမ်းဖက်မှု တားဆီး ကာကွယ်ရေးကိစ္စတွေ မှာ အတူတကွ လက်တွဲလုပ်ဆောင်ခြင်းအားဖြင့် အမေရိကန်ပြည်ထောင်စုနဲ့ ရုရှားနိုင်ငံ တို့ဟာ ကမ္ဘာကြီး ပိုပြီး လုံခြုံအောင် လုပ်နိုင်မှာပါလို့ ဆိုဗီယက်သမ္မတဟောင်း မီခေးလ် ဂေါ်ဘာချော့ဗ် က ပြောသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG