သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ဖက်ကိစ္စ ပလောင်များ နစ်နာ


ဆိုးဆေးတွေကြောင့် မြန်မာနိုင်ငံမှာ လက်ဖက်ဈေးကွက် ပျက်ရတဲ့အခြေအနေနဲ့ ပတ်သက်လို့ တင်ပြခဲ့ရသလိုပဲ အခုလို လက်ဖက်ဈေးကွက် ပျက်တဲ့အတွက် မထိခိုက်သင့်ဘဲ ထိခိုက်ရသူတွေလည်း အများကြီး ရှိနေပါတယ်။ အဲဒါကတော့ အထူးသဖြင့် လက်ဖက်ဆေးဆိုးတယ် ဆိုတာကိုတောင် မကြားဖူးကြသေးတဲ့ လက်ဖက်စိုက်တောင်သူတွေ ဖြစ်တယ်၊ ဒီလူတွေဟာ လက်ဖက်ကို ဆေးဆိုးကြတဲ့သူတွေ မဟုတ်ဘူး လို့ ပလောင်ဒေသက လက်ဖက်စိုက်ပျိုးတဲ့ တောင်သူ မိသားစုက ပေါက်ဖွားလာတဲ့ မလွေအေးနန်းက အခုလို ပြောပြပါတယ်။

"ကျမက ငယ်ငယ်ကတည်းက လက်ဖက်ခြံထဲမှာ လက်ဖက်တောထဲမှာ ကြီးပြင်းလာတဲ့သူလေ။ လက်ဖက်ဆေးဆိုးတယ် ဆိုတာ ကျမ အခုမှ ကြားဖူးတာပေါ့နော်။ အဓိက ကျမတို့ဒေသမှာ ရှိနေတဲ့လူတွေက လက်ဖက်ကို ဆေးမဆိုးကြပါဘူး။ ဆိုတော့ ကျမတို့တွေက ဒီလက်ဖက်ကို ခူးတယ်။ ပေါင်းတယ်။ ပေါင်းပြီးတော့ အစို သိပ်တယ်။ ပြီးတော့ အခြောက်လှမ်းတဲ့ ဟာမျိုးနဲ့ ရှုပ်နေတဲ့အချိန်မှာ ကျမတို့ ဆေးမဆိုးအားပါဘူး။ စဉ်းလည်း မစဉ်းစားမိဘူးပေါ့နော်။ ဆေးဆိုးစရာလည်း မလိုဘူးပေါ့နော်။ တကယ့် ပလောင်တောင်မှာရှိတဲ့ ပလောင်တွေကို မေးကြရင်လည်း သိကြမှာမဟုတ်ဘူး။ ဆေးဆိုးတာ ဘယ်သူတွေ ဆိုးကြသလဲ ဆိုတာကိုပေါ့။ ပွဲရုံကိုရောက်မှ ဆေးဆိုးကြတာလား။ အိမ်ရောက်မှ ဆေးဆိုးကြတာလား ဆိုတာ ကျမလည်း မပြောတတ်ဘူးပေါ့နော်။ ဒါပေမယ့် သေချာတာတခုကတော့ ကျမတို့ရိုးရာ ကျမတို့ ဘိုးဘွားဘီဘင် လက်ထက် ကတည်းက ဒီလက်ဖက်ကို လုပ်လာခဲ့တာ ဆေးမဆိုးကြဘူးပေါ့နော်။ လတ်လတ်ဆတ်ဆတ်ဟာမျိုးပေါ့။"

အခုလို တပေါင်း တန်ခူး ရာသီဟာ လက်ဖက် စပေါ်တဲ့ ရွှေဖီဦး အချိန် ဖြစ်ပါတယ်။ မိုးမကျခင် လက်ဖက်အထွက်နှုန်း လည်း ကောင်း၊ ဈေးနှုန်းလည်း ကောင်းလေ့ရှိတဲ့ ဒီလို ရာသီမျိုးမှာ အခုလို လက်ဖက်ဈေးကွက် ပျက်စရာကိစ္စ ကြုံလာတဲ့ အတွက် လက်ဖက်စိုက် ပလောင်ပြည်သူတွေ အရမ်းနစ်နာကြတယ်လို့လည်း မလွေအေးနန်းက ဆိုပါတယ်။

"ပလောင်ပြည်သူတွေ အရမ်းနစ်နာတယ်လေ။ ဘာလို့လဲဆိုတော့ လက်ဖက်ဈေးနှုန်းက တရှိန်ထိုးနဲ့ကျဆင်းသွားတဲ့ အချိန် မျိုးမှာဖြစ်နေတော့ ဒီအဖြစ်က ပလောင်ပြည်သူတွေ လက်ဖက်လုပ်နေတဲ့ ပြည်သူတွေ တောင်သူတွေအတွက်ကတော့ သူတို့လုပ်လို့ ဖြစ်သွားတဲ့ကိစ္စမဟုတ်ဘဲနဲ့ တကယ်တမ်းကျတော့ အကျိုးဆက်ကို ခံစားနေရတာ။ သူတို့အခုချိန်မှာ ခံစား နေရတဲ့ဟာမျိုးပေါ့။"

ဒီလို လက်ဖက်စိုက်တောင်သူတွေ မထိခိုက်သင့်ဘဲ ထိခိုက်ရတာကို ကာကွယ်ဖို့ လက်ဖက်ဆေးဆိုးသူတွေကို ဖော်ထုတ် နိုင်ဖို့နဲ့ အရေးကြီးသလို အရည်အသွေး အဆင့်အတန်းရှိပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ လက်ဖက်အပါအဝင် ထုတ်ကုန်တွေ မြန်မာနိုင်ငံမှာ ထုတ်လုပ်နိုင်အောင် စိစစ်မှုတွေလုပ်ဖို့ အရေးကြီးတယ်လို့လည်း မလွေအေးနန်း ကပြောပါတယ်။

"ကျန်းမာရေးရှုထောင့်ကကြည့်မယ် ဆိုလို့ရှိရင် ဒီ ဆိုးဆေးတွေ ရှိနေတယ်။ ဒီ ဆိုးထားတဲ့လက်ဖက်ကို စားလိုက်လို့ရှိရင် ကျန်းမာရေးအရ ထိခိုက်နစ်နာရမယ်ဆိုရင် ကျမတို့အနေနဲ့လည်း စိတ်မကောင်းဘူးပေါ့နော်။ ဒါပေမယ့် တခုပဲ ရှိတာပေါ့ နော်။ ကျမတို့ မြန်မာပြည်မှာ ရှိနေတဲ့တာဝန်ရှိတဲ့သူက ဒီအပေါ်မှာ သေသေချာချာပေါ့နော် စနစ်တကျ စစ်ဆေးမှုတွေ လုပ်ဖို့ လိုတာပေါ့နော်။ တကယ် လက်ဖက်စားတဲ့သူတွေ ထိခိုက်နစ်နာအောင် လုပ်နေတဲ့သူတွေက ဘယ်သူတွေလဲဆိုတာ သေချာစစ်ဆေးပြီးတော့ လုပ်ဖို့ လိုနေပြီပေါ့နော်။ ဒါက ဒီလက်ဖက်တခုတည်းတင် မကဘူးပေါ့နော်။ ကျန်တဲ့တခြား အစားအစာတွေလည်း အများကြီးပါ။ မြန်မာပြည်မှာ ရှိနေတဲ့ဟာတွေက၊ သေသေချာချာ စနစ်တကျနဲ့ ထုတ်လုပ် ရောင်းချ နေတာမဟုတ်ဘဲနဲ့ စီးပွားရေးသမားတွေပေါ့နော်။ အဓိက အမြတ်ငွေတွေ ရဖို့အတွက် ကောင်းကောင်းမွန်မွန် ကျန်းမာရေး နဲ့ ညီညွတ်သည် ကိုက်ညီသည် မစဉ်းစားဘဲနဲ့ အဓိက ရောင်းအားကောင်းအောင်ပဲ လုပ်နေတဲ့ဟာတွေ စားသောက်ကုန် တွေ အများကြီး ရှိတာပေါ့နော်။ ဒါတွေကို သေသေချာချာ တကယ့် ဒီ လက်ဖက်စိုက်တဲ့သူတွေ စိုက်ပျိုးနေတဲ့သူတွေ မထိခိုက် မနစ်နာအောင် သေချာစစ်ဆေးမှုတွေ လုပ်ပေးဖို့ လိုနေတယ်ပေါ့။"

မလွေအေးနန်း ပြောပြခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG