သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာထူးက ဖယ်ရှားခံရတဲ့ ပါကစ္စတန် တရားသူကြီးချုပ် တာဝန်ပြန်ထမ်းဆောင်


ပါကစ္စတန်နိုင်ငံမှာ ရာထူးတာဝန် တရားဝင် ပြန်ပြီး ထမ်းဆောင်နေပြီ ဖြစ်တဲ့ ဗဟိုတရားရုံးချုပ် တရားသူကြီးချုပ်ကို တွေ့ဆုံဖို့ ဝန်ကြီးချုပ် ယူဆစ် ရာဇာလီ ဂီလာနီ ဟာ လာဟောမြို့ဆီကို သွားနေပါတယ်။ ဒါဟာ နိုင်ငံရေးအရ ပြန်လည် သင့်မြတ်ရေး ဆောင်ရွက်တဲ့ ကြိုးပမ်းမှုလို့ မြင်နိုင်ပါတယ်။ ပါကစ္စတန်မှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို အတူ လက်တွဲ ဖြေရှင်းဖို့ လိုအပ်တယ်ဆိုတဲ့ သမ္မတ အာဆစ် ဇာဒါလီရဲ့ သတင်းစကားကို ဝန်ကြီးချုပ်က တရားသူကြီးချုပ် အတွက် သယ်ဆောင်ပေးသွားပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်က ရာထူးကနေ ဖယ်ရှားခံခဲ့ရတဲ့ တရားသူကြီးချုပ် အစ်ဖဒီဂါ မိုဟာမက် ချောင်ဒရီ ကို စနေနေ့ သန်းခေါင်မှာ တရားဝင် တာဝန် ထမ်းဆောင်ခွင့် ပြန်ပေးခဲ့ပြီးချင်း အမှုတွေအတွက် ဂျူရီ လူကြီးတွေ ခန့်အပ်တာ ရှေ့သတင်းပတ်အတွက် တရားရုံး ကြားနာမှု အစီအစဉ်တွေကို အတည်ပြုပေးတာတွေ လုပ်ခဲ့ တယ်လို့ ဗဟို တရားရုံးချုပ်က ပြောပါတယ်။

၂၀၀၇ခု နှစ်က သမ္မတ ဟောင်း ပါဗစ် မူရှာရက် ရဲ့ အုပ်ချုပ်မှုအပေါ် စိန်ခေါ်တဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီးတော့ မစ္စတာ ချောင်ဒရီ တာဝန်ကနေ ဖယ်ရှားခံရတာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတဝှမ်း ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပြီး သမ္မတ မူရှာရက် လည်း နောက်ဆုံးတော့ ရာထူးကနေ ဆင်းပေးခဲ့ရပါတယ်။ မစ္စတာ မူရှာရက် နောက်မှ တက်လာတဲ့ လက်ရှိ သမ္မတ အာဆစ် အာလီ ဇာဒါလီက မစ္စတာ ချောင်ဒရီ ကို တရားသူကြီးချျုပ်အဖြစ် ပြန်ခန့်အပ်မယ်လို့ ကတိပြုခဲ့ပြီး လနဲ့ ချီ အောင် ဆိုင်းထား တဲ့အတွက် နောက်ထပ် ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တပတ်ကတော့ ရှေ့နေတွေ၊ နိုင်ငံရေး လှုပ်ရှားသူတွေရဲ့ တောင်းဆိုချက်အတိုင်း မစ္စတာ ချောင်ဒရီကို ဗဟိုတရားရုံးချုပ် တရားသူကြီးချုပ် ပြန်ပေးခဲ့တဲ့အတွက် ပါကစ္စတန် နိုင်ငံရေး မတည်ငြိမ်မှုတွေကို အဆုံးသတ်သွားစေခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG