သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ဘယဆေးနှစ်မျိုး ခဲဆိပ်ပါ၊ ဖို့ဒ်ဝိန်းကျန်းမာရေးဌာန သတိပေး


မြန်မာနိုင်ငံသားတွေ အများစုနေထိုင်တဲ့ အမေရိကန်ပြည်ထောင်စု အင်ဒီးယားနားပြည်နယ် ဖို့ဒ်ဝိန်းမြို့က မြန်မာ ကလေးငယ်တွေ စားသုံးလေ့ရှိတဲ့ မြန်မာနိုင်ငံထုတ် အစာကြေဆေးနှစ်မျိုးမှာ ခဲနဲ့ အာဆင်းနစ် အဆိပ်သင့်တာတွေ စမ်းသပ်တွေ့နေရတဲ့အတွက် မစားဘဲ ရှောင်ဖို့ ဖို့ဒ်ဝိန်းမြို့ ကျန်းမာရေးစောင့်ရှောက်မှုအသင်းတွေက သတိပေးထား ပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

ဒေါ်တွေ ဂေါမုတ္တဆေးနဲ့ ဒေါ်ကျင် သူငယ်နာ ဝမ်းနုတ်ဆေးတွေမှာ အဆိပ်သင့်တာ တွေ တွေ့နေရတယ်ဆိုပြီး အင်ဒီးယားနားပြည်နယ် ဖို့ဒ်ဝိန်းမြို့မှာရှိတဲ့ St. Joseph Community ကျန်းမာရေးစောင့်ရှောက်မှုအသင်းက သတိပေးထားပါတယ်။ ဒီအဖွဲ့ရဲ့ အထူးစီမံချက် မန်နေဂျာတဦးဖြစ်တဲ့ လောရင်း ဟက်ဂါတီ (Loaine Hagerty) က ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။

“ဖို့ဒ်ဝိန်းမြို့ကို ဒုက္ခသည်အဖြစ် ရောက်လာတဲ့ ကလေးငယ်တွေအားလုံးကို ကျမတို့ စစ်ဆေးကြည့်ပါတယ်။ သူတို့မှာ ခဲအဆိပ်သင့်တာရှိမရှိ စစ်ဆေးကြည့်တာပါ။ မြန်မာ တွေထဲမှာ ခဲဆိပ်သင့်နေတဲ့ ကလေးငယ်အရေအတွက် တော်တော်များတာကို ကျမတို့ တွေ့ရပါတယ်။ ဒီလိုတွေ့ပြီဆိုရင် ကလေးတွေရဲ့ အိမ်တွေကိုသွားပြီး သူတို့ ဘာစားတယ်၊ ဆေးတွေ ဘာတွေသုံးတယ် ဆိုတာတွေကို မေးမြန်းစစ်ဆေးပါတယ်။”

ကလေးငယ်တွေ ခဲဆိပ်သင့်တာတွေကို တွေ့ပြီဆိုရင် အစားအသောက်တွေ၊ ဆေးတွေကို စစ်ဆေးတာတွေအပြင် အိမ်တွေမှာ ဆေးသုတ်ထားတဲ့ နံရံတွေကို လည်း စစ်ဆေးတဲ့အကြောင်း St. Joseph Community ကျန်းမာရေးစောင့်ရှောက်မှုအသင်းက လောရင်း ဟက်ဂါတီ က ရှင်းပြပါတယ်။

မြန်မာမိသားစုတွေ အများဆုံးနေထိုင်တဲ့ တိုက်ခန်း ၂၀၀ လောက်ကို တခန်းဝင် တခန်းထွက် စစ်ဆေးခဲ့တာလို့လည်း ပြောပါတယ်။ မြန်မာကလေးငယ်တွေ ဖျားနာတာ၊ ခဲဆိပ်နဲ့ အာဆင်းနစ် အဆိပ်သင့်တာတွေ ရှိလာနေတာကို ဖို့ဒ်ဝိန်းမြို့ ကို ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေအကြား ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းမှာ ပိုပြီး အာရုံစိုက်လာခဲ့တယ်လို့ ဖို့ဒ်ဝိန်းမြို့ခံ တယောက်ဖြစ်တဲ့ ဦးခင်ဇော်က ပြောပါတယ်။

“ကျန်ခဲ့တဲ့ နှစ်လလောက်ကတည်းက ခဲဆိပ်သင့်တယ်ဆိုပြီးတော့ ဆေးရုံတွေမှာ ပြဿနာပေါ်တဲ့အတွက် ဒီက တာဝန်ရှိတဲ့ အမေရိကန် ဆရာဝန်တွေနဲ့ ညှိနှိုင်းစည်းဝေးပွဲတခု လုပ်ပါတယ်။ သူတို့မသင်္ကာတာက ပထမတော့ သနပ်ခါးလိုလို၊ မြန်မာဆေးဝါးလိုလို အဲဒီလို မထင်မရှားဖြစ်နေတယ်။ ဒါနဲ့ ပိုသေချာအောင်ဆိုပြီး သူတို့နည်း သူတို့ဟန်နဲ့ ဒီက ဓာတုဗေဒ ဓာတ်ခွဲခန်းတွေနဲ့ စစ်ဆေး တွက်ချက်ကြည့်တဲ့အခါကျတော့ အခု အဖြေထွက်လာတာက မြန်မာဆေးဝါးတွေကနေပြီးတော့ အထူးသဖြင့် ဖြစ်တယ်ဆိုတာကို တွေ့ရလို့ ပညာပေး ပုံလေးတွေနဲ့တကွ အဲဒီ ဂေါမုတ္တ သူငယ်နာချဆေးတို့ အဲဒါတွေကို ပုံနဲ့တကွ ကပ်ပြီးတော့ သတိပေးပြီး အကြောင်းကြားတာ တွေ့ရပါတယ်။”

ဦးခင်ဇော် ပြောသွားတာဖြစ်ပါတယ်။

St. Joseph Community ကျန်းမာရေးစောင့်ရှောက်မှုအသင်းက လောရင်း ဟက်ဂါတီ ကတော့ ခဲဆိပ်သင့်ပြီဆိုရင် ကလေးငယ်တွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု ထိခိုက်နိုင်တဲ့အတွက် သတိထားပြီး စောင့်ရှောက်ဖို့လိုအပ်တယ်လို့ ပြောပါတယ်။

“အဆိပ်သင့်ပြီဆိုရင် အဆိပ်က ဦးနှောက်နဲ့ ကိုယ်ခန္ဓာထဲက အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို သွားပြီး ကျယ်ကျယ် ပြန့်ပြန့် ထိခိုက်နိုင်ပါတယ်။ ဖွံ့ဖြိုးမှုတွေက အရွယ်ရောက်တဲ့အခါ ရှိသင့်သလို ရှိမလာတော့ပါဘူး။ ကလေးတွေအနေနဲ့ ကိုယ်ခန္ဓာ ချည့်နဲ့တာတွေ၊ စကားပြော နောက်ကျတာတွေ အဖြစ်များပါတယ်။ ဖြစ်တာကို သိသိချင်း ဘေးဖြစ်စေမယ့် အစားအစာ သုံးစွဲတာကို ချက်ချင်းရပ်ဆိုင်းဖို့ လိုပါတယ်။ နောက် ကလေးငယ်တွေကို အာဟာရဖြစ်စေမယ့် အစားအစာ တွေ ကျွေးပြီး ပြုစုစောင့်ရှောက်ဖို့ လိုပါတယ်။”

ခဲဆိပ်သင့်တဲ့ ကလေးငယ်ရဲ့ သွေးထဲမှာ လည်ပတ်နေမယ့် ခဲဆိပ်ပမာဏကို လျှော့ချပစ်ဖို့၊ အမြဲတစေ စောင့်ကြည့်ပြီး အဆိပ်သင့်စေတဲ့ အစားအစာတွေကို ရှောင်ရှားဖို့နဲ့ လိုအပ်ရင် ဆေးရုံမှာထားပြီး ကုသရတာတွေရှိတယ်လို့ လောရင်း ဟက်ဂါတီက ပြောပါတယ်။

အခုတော့ ဘေးဖြစ်စေနိုင်တယ်ဆိုတဲ့ ဒေါ်တွေ ဂေါမုတ္တဆေးနဲ့ ဒေါ်ကျင် သူငယ်နာ ဝမ်းနုတ်ဆေးတွေကို ဖို့ဒ်ဝိန်းမြို့ မြန်မာဈေးဆိုင်တွေမှာ မရောင်းဘို့လည်း သတိပေးထားပါတယ်။ နောက်ထပ် ဖို့ဒ်ဝိန်းမြို့ခံတယောက်ဖြစ်တဲ့ ကိုသိန်းထွန်းအောင်ကလည်း ဘေးဖြစ်စေတတ်တဲ့ ဆေးတွေကို အရင်ကရောင်းခဲ့တဲ့ နေရာတွေနဲ့ ဖို့ဒ်ဝိန်းမြို့အတွင်း
ဖြန့်ဝေထားတဲ့ သတိပေးချက်တွေနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။

“ဒီဆေးဝါးတွေကို သုံးတဲ့အခါ ဘာတွေဖြစ်လာမလဲဆိုတဲ့ဟာ၊ ဘာဓာတ်တွေပါတယ်ဆိုတာ အဲဒီထဲမှာ ထည့်ရေးထားတယ်။ ဒီဆေးဝါးတွေနဲ့ပတ်သက်ပြီး သိချင်ရင် ဖုန်းနံပါတ်တွေ ထည့်ပေးထားတယ်။ ဘယ်ဖုန်းကို ဆက်သွယ်ပါပေါ့။ ဆက်သွယ်ပြီး
မေးနိုင်ပါတယ်ဆိုပြီး အဲဒီစာထဲမှာ ထည့်ရေးထားတယ်။ ရောဂါအနေနဲ့ သူတို့ပြောတာကတော့ ကလေးဖွံ့ဖြိုးမှုတွေ နည်းသွားတာပေါ့။ အဓိက ဦးနှောက်ဖွံ့ဖြိုးမှုပေါ့။ ဦးနှောက်ဖွံ့ဖြိုးမှုမှာ ရူးသွပ်သွပ်ဖြစ်သွားတာတို့ဘာတို့ အဲလိုမျိုးတွေ ဖြစ်တတ်တယ်။”

အင်ဒီးယားနားပြည်နယ် ဖို့ဒ်ဝိန်းမြို့ ဒေသခံတယောက်ဖြစ်တဲ့ ကိုသိန်းထွန်းအောင် ပြောသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက အစားအစာတွေ၊ ဆေးတွေနဲ့ပတ်သက်လို့ ဘေးဖြစ်စေနိုင်တဲ့အကြောင်း ဘယ်အစားအသောက်၊ ဆေးဝါးလို့ နာမည်တပ်ပြီး အတိအကျ ကြေညာတာဟာ အမေရိကန်ပြည်ထောင်စုမှာ အခုတကြိမ် ပထမဆုံးအကြိမ် သတိပေးတာလို့ ပြောနိုင်ပါတယ်။

မကြာသေးခင်တုန်းကပဲ မြန်မာနိုင်ငံအတွင်းမှာ လက်ဖက်တွေကို ဆိုးဆေးတွေသုံးပြီး ထုတ်နေတာ တွေ့ရတဲ့အတွက် ဘေးဖြစ်စေနိုင်တဲ့အကြောင်း စမ်းသပ်တွေ့ရတယ်ဆိုပြီး မြန်မာကျန်းမာရေးအရာရှိတွေ သတိပေးခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG