စီးပွားရေးတွေ ပြန်ပြီး နာလန်ထူလာအောင်လုပ်ဖို့နဲ့ နောင်ဖြစ်လာမယ့် အကျပ်အတည်းတွေကို ကာကွယ် တားဆီးနိုင် အောင် ခိုင်မာပြည့်စုံပြီး ဟန်ချက်ညီတဲ့ လုပ်ဆောင်မှုမျိုးတွေ လုပ်ကြပါလို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား
(Barack Obama) က ကမ္ဘာ့ခေါင်းဆောင်တွေကို နှိုးဆော်လိုက်ပါတယ်။
နောက်လ လန်ဒန်မြို့မှာကျင်းပမယ့် G20 လို့ခေါ်တဲ့ စက်မှုထိပ်သီးနိုင်ငံ ၂၀ ရဲ့ အစည်းအဝေးဟာ စုပေါင်းလုပ်ဆောင်မှု ပေါ်ထွက်လာအောင် လှုံ့ဆော်ပေးလိမ့်မယ်လို့ International Herald Tribune သတင်းစာမှာ မစ္စတာအိုဘားမားက ဆောင်းပါးတစောင် ရေးသားထားပါတယ်။
တိုးတက်မှုနှုန်းကို မြှင့်တင်နိုင်အောင် နောက်ထပ် တွန်းအားပေးတဲ့ အစီအစဉ်တွေ ချမှတ်ခြင်းအားဖြင့် အမေရိကန် ရဲ့ နောက်ကို လိုက်ပါလုပ်ဆောင်ကြဖို့ မစ္စတာ အိုဘားမားက နှိုးဆော်ထားပါတယ်။
ဒီအတောအတွင်းမှာပဲ ဘဏ္ဍာငွေကြေးဈေးကွက်ကို ကယ်တင်ရေးဆိုင်ရာ အမေရိကန် အစိုးရရဲ့ အငြင်းပွားဖွယ် အစီအစဉ်တရပ်နဲ့ ပတ်သက်ပြီး အစိုးရရဲ့ စီးပွားရေးဆိုင်ရာ ထိပ်တန်းတာဝန်ရှိသူတွေ ဒီကနေ့ ကွန်ဂရက်မှာ အစီရင်ခံ ထွက်ဆိုကြဖို့ ရှိပါတယ်။
အခွန်ထမ်းလူထုရဲ့ ဘဏ္ဍာငွေ ဒေါ်လာ ၁၆၅ သန်းကို ထိပ်တန်းအမှုဆောင် အရာရှိကြီးတွေအတွက် ဆုကြေးပေးခဲ့တဲ့ AIG အာမခံကုမ္ပဏီရဲ့ လုပ်ဆောင်မှုနဲ့ပတ်သက်ပြီး ဗဟိုဘဏ်ဥက္ကဋ္ဌ ဘန် ဘာနန်းကီး (Ben Bernanke) နဲ့ ဘဏ္ဍာရေးဝန်ကြီး တင်မိုသီ ဂိုက်သ်နာ (Timothy Geithner) တို့ကို မေးမြန်းကြဖွယ်ရှိပါတယ်။
တကမ္ဘာလုံးနဲ့ ဆက်နွယ်လုပ်ကိုင်နေတဲ့ AIG ကုမ္ပဏီဟာ ပြိုကျပျက်စီးသွားဖို့ရာ သိပ်ကြီးမားလွန်းတယ်ဆိုပြီး အစိုးရက ဒေါ်လာ သန်းပေါင်း ၁၇၀,၀၀၀ ထုတ်ချေးပြီး တည်ငြိမ်အောင် လုပ်ဆောင်ခဲ့ပါတယ်။