သုံးရလွယ်ကူစေသည့် Link များ

ဦးခွန်ထွန်းဦး၊ ဦးအုန်းသန်း ဖမ်းဆီးမှု ဥပဒေနဲ့မညီ၊ ကုလအဖွဲ့ ထုတ်ပြန်


မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေကို တရားလက်လွတ် ဖမ်းဆီး ထောင်ချနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ လုပ်ငန်းအဖွဲ့တခုက ပြောခဲ့တာနဲ့ ပတ်သက်ပြီး အခုလို မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေကို စိတ်ပျက်မိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ဒီနေ့ ကြေညာချက် ထုတ်ပြန်ပါ တယ်။

တချိန်တည်းမှာပဲ နှစ်ရှည်ထောင်ဒဏ် ချခံထားရတဲ့ အက်စ်အန်န်အယ်လ်ဒီ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးခွန်ထွန်းဦးနဲ့ သူ့ရဲ့အမှုတွဲတွေအပါအဝင် တကိုယ်တော်ဆန္ဒပြလို့ ဖမ်းဆီးထောင်ချခံထားရတဲ့ ဦးအုန်းသန်း တို့ရဲ့ အမှုတွေဟာ မြန်မာနိုင်ငံဥပဒေတွေနဲ့ ကိုက်ညီခြင်းမရှိဘူးလို့ တရားလက်လွတ်ဖမ်းဆီးမှုဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ စုံစမ်းစစ်ဆေးရေး လုပ်ငန်းအဖွဲ့က ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ ဘာကြောင့် သူတို့အမှုတွေ ဟာ ပြည်တွင်းဥပဒေတွေနဲ့ မကိုက်ညီဘူးလို့ ပြောရတာပါလဲ။ အကြောင်းစုံကို မသင်းသီရိက စုံစမ်းမေးမြန်းပြီး တင်ပြပေး ထားပါတယ်။

ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးနဲ့ သူ့ရဲ့အမှုတွဲတွေကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၂(၁) နိုင်ငံတော် ပုန်ကန်မှု၊ ဦးအုန်းသန်းကို စွဲဆိုထားတာကတော့ ၁၂၄(က) နိုင်ငံတော်အကြည်ညိုပျက်စေတဲ့ အမှုတွေနဲ့ အပြစ်ပေးထား တာ ဖြစ်ပါတယ်။ ဒီလို ပုဒ်မ တွေက လက်ရှိ တရားဝင်အစိုးရတရပ်ဖြစ်ပါမှ ချမှတ်စီရင်နိုင်တာမို့ လွဲချော်နေတဲ့အကြောင်း အဲဒီ ဥပဒေရေးရာအဖွဲ့ကြီးက ထောက်ပြခဲ့တာဖြစ်တယ်လို့ AHRC ခေါ် အာရှလူ့အခွင့်အရေးကော်မရှင်က ဦးမင်းလွင်ဦးက ပြောပါတယ်။

“တရားစွဲဆိုတဲ့ အဖွဲ့အစည်းတွေအနေနဲ့ လိုအပ်တဲ့အင်္ဂါရပ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တည်ထောင်ထားတဲ့ အစိုးရ တရပ် ဖြစ်ဖို့ လိုပါတယ်။ လက်ရှိအစိုးရက ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တည်ထောင်ထားတဲ့ အစိုးရတရပ် မဟုတ်တဲ့ အတွက် ပြစ်မှုဆိုင်ရာဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ပြည်တွင်းဥပဒေ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်တာလည်း ဖြစ်တယ်။ အဲဒီတော့ ဒါတွေကိုလည်း အခု မတရား ဖမ်းဆီးထိန်းသိမ်းထားခြင်းခံရတာကို စောင့်ကြည့်တဲ့အဖွဲ့ကနေ ထောက်ပြထားပြီ ဖြစ်တယ်။”

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ဥပဒေရေးရာအဖွဲ့ကြီးက အခုလို ထောက်ပြလိုက်တာဟာ ဘယ်လောက်အထိ လက်ရှိ မြန်မာနိုင်ငံ တရားစီရင်ရေးစနစ်တွေအပေါ်မှာ အကျိုးရှိလာနိုင်မလဲ၊ ဒါ့အပြင် လက်ရှိ အခုပုဒ်မတွေနဲ့ အပြစ်ပေးခံ ထားရတဲ့သူတွေကို ဘယ်လောက်အထိ အကျိုးရှိလာမလဲလို့ ဦးမင်းလွင်ဦးကို မေးကြည့်တော့…

“၂၀၀၈ ခုနှစ်မှာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တော်တော်များများကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မတွေတပ်ပြီး စွဲဆိုပါတယ်။ အဲဒီလိုစွဲဆိုနေတာတွေကို တရားစွဲဆိုနေစဉ်ကာလ တဝက်မှာပဲ ပြည်ထဲရေးဝန်ကြီးဌာနကနေ ဒီအမှုကို စွဲဆိုခွင့် ရုပ်သိမ်းသွားတာ တွေ့ရှိရပါတယ်။ မတရား ဖမ်းဆီးထိန်းသိမ်းခြင်း ခံရတဲ့ အဖွဲ့အစည်းကနေပြီးတော့ အချက် အလက်တွေ ပြန်လည်သုံးသပ်ပေးဖို့ လိုပြီဆိုတဲ့ ပို့ထားတဲ့အချက်အလက်တွေနဲ့ တိုက်ဆိုင်နေတာကို တွေ့ရှိရပါတယ်။

“ဒါကြောင့် နောက်ပိုင်းမှာတော့ နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့သော်လည်းကောင်း၊ နိုင်ငံတော်ပုန်ကန်မှုနဲ့ သော်လည်းကောင်း စွပ်စွဲထားတဲ့ စွဲဆိုချက်တွေ၊ တရားစီရင်မှုတွေ မရှိတော့ဘူးဆိုတာကို ကျနော်တို့ တွေ့လာရတယ်။ ဦးအုန်းသန်းကတော့ အဲဒီလို ကြေညာချက် ထွက်ပြီးတဲ့အချိန်မှာမှ သူ့အမှုကို စီရင်ချက်ချပြီးသား ဖြစ်နေတဲ့အတွက်
အခုလိုမျိုး အဖွဲ့ကနေ အထူးပြန်လွှတ်ပေးဖို့ အရေးယူ တောင်းဆိုရတာ ဖြစ်ပါတယ်။”

ဒါ့အပြင် ထောက်ပြချက်တွေကိုရော မြန်မာစစ်အစိုးရက လိုက်နာပါ့မလားဆိုတဲ့ မေးခွန်းကိုတော့ ဦးမင်းလွင်ဦးက …

“ချက်ချင်းတော့ လုပ်ဆောင်လာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်မထားပါဘူး။ ဒါပေမဲ့ နိုင်ငံတကာကနေ ဖိအားပေးလာ မယ် ဆိုရင် သူတို့အနေနဲ့ မဖြစ်မနေ လိုက်လျောရမယ့် အခြေအနေမှာ ဖြစ်တယ်။ နောက်တခုက ကျနော်တို့အနေနဲ့
ဒီ စစ်အစိုးရကို နိုင်ငံတကာခုံရုံးကို တင်တဲ့အခါ ဒါတွေက ခိုင်မာတဲ့ အထောက်အထားတွေ ဖြစ်လာမယ်ဆိုတာကို ကျနော် တို့ အနေနဲ့ မှတ်တမ်းမှတ်ရာတွေ ဖြစ်လာနိုင်တယ်။ ဒီဥစ္စာတွေကိုလည်း ပြည်တွင်းမှာရှိတဲ့ ပြည်သူလူထုတွေ အနေနဲ့က လည်း ဒီအဖွဲ့အစည်းအသီးသီးကသာ မဟုတ်ဘဲနဲ့ ပြည်သူလူထု တဦးချင်းအလိုက် တိုင်ကြားနိုင်တယ်ဆိုတဲ့ ဥစ္စာတွေကို လည်း ကျနော်တို့ အသိပေး ပြောကြားလိုခြင်း ဖြစ်ပါတယ်။”

AHRC ခေါ် အာရှလူ့အခွင့်အရေး ကော်မရှင်က ဦးမင်းလွင်ဦး ရှင်းပြသွားတာ ဖြစ်ပါတယ်။

ဒါ့အပြင် လန်ဒန်အခြေစိုက် The Burma Justice Committee မြန်မာနိုင်ငံ တရားမျှတရေးကော်မတီကလည်း နှစ်ရှည် ပြစ်ဒဏ်တွေ ချမှတ်ခံထားရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ ကိုမင်းဇေယျနဲ့ ကိုပြုံးချိုတို့ အမှုတွဲတွေနဲ့ ပတ်သက်ပြီးတော့လည်း အဲဒီဥပဒေအဖွဲ့ကြီးကို တင်ပြထားပါတယ်။ အခု သူတို့ ၄ ဦးရဲ့ အမှုတွေ ဟာလည်း မြန်မာနိုင်ငံ တရားစီရင်ရေး ဥပဒေတွေနဲ့ ကိုက်ညီခြင်းမရှိဘူးလို့လည်း ဆုံးဖြတ်ချက်ချထားပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတာကလည်း မြန်မာနိုင်ငံရဲ့ ဥပဒေနဲ့ရော နိုင်ငံတကာ ဥပဒေတွေနဲ့ပါ ကိုက်ညီခြင်းမရှိဘူးလို့ အဲဒီ ဥပဒေရေးရာအဖွဲ့ကြီးက ဆုံးဖြတ်ချက် ချထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ အကျဉ်းထောင်တွေအတွင်းမှာ အဖမ်းခံထားရသူတွေရဲ့ အမှုတွေကိုလည်း ဆက်လက်တင်ပြသွားမယ်လို့ အဲဒီအဖွဲ့တွေက ဆိုပါတယ်။

ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးဟာ အခု ပူတာအိုထောင်မှာ အဖမ်းခံထားရပြီး အမေရိကန်သံရုံးရှေ့မှာ တကိုယ်တော်ဆန္ဒပြခဲ့လု့ိ ၂၀၀၇ ခုနှစ်ကတည်းက အဖမ်းခံထားရတဲ့ ဦးအုန်းသန်းကတော့ ခန္တီးထောင်မှာ အပြစ်ပေးခံထား ရတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG