သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သဘောထား အပြောင်းအလဲအပေါ် အတိုက်အခံများ အကောင်းမြင်


မြန်မာနိုင်ငံအပေါ်ထားတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးရာ မူဝါဒတွေမှာ ဖြစ်လာနိုင်ဖွယ်ရာရှိတဲ့ အပြောင်း အလဲတွေဟာ အကောင်းဘက်ကို ဦးတည်လိမ့်မယ်လို့ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေက မျှော်လင့်နေကြ ပါတယ်။ မြန်မာနိုင်ငံက နိုင်ငံရေးအခြေအနေတွေကို အကဲခတ်ဖို့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အရှေ့တောင် အာရှ ရေးရာ ညွှန်ကြားရေးမှူး မစ္စတာစတီဖင် ဘလိတ်ခ် (Stephen Blake) မြန်မာနိုင်ငံကို သွားရောက်ခဲ့အပြီး မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်အစိုးရ မူဝါဒတွေနဲ့ ပတ်သက်လို့ သူနဲ့တွေ့ဆုံခဲ့ကြသူတွေက အခုလို တွက်ဆခဲ့ကြတာပါ။
အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အစိုးရရဲ့ မူဝါဒတွေကို ပြန်ပြောင်းသုံးသပ်နေတယ်လို့ ပြောဆိုထားပြီး မရှေးမနှောင်း ဆိုသလို နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတဦး နိုင်ငံထဲ သွားရောက်ပြီး အစိုးရတာဝန်ရှိသူတွေနဲ့ရော အတိုက်အခံ အင်အားစုတွေနဲ့ပါ တွေ့ဆုံခဲ့တာမို့ အမေရိကန်အစိုးရရဲ့ မူဝါဒရေးရာ အပြောင်းအလဲတွေလုပ်မယ့်အပေါ် သဘောထား တွက်ဆမှုတွေ ထွက်ပေါ်လာတာပါ။

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အရှေ့တောင်အာရှရေးရာ ညွှန်ကြားရေးမှူး မစ္စတာ စတီဖင် ဘလိတ်ခ် ရဲ့ ခရီးစဉ် နောက်ဆုံးနေ့ မှာ တွေ့ဆုံခဲ့ကြတဲ့ဲ အဓိကအတိုက်အခံ နိုင်ငံရေးပါတီတခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ)၊ နောက် တိုင်းရင်းသားခေါင်းဆောင်တွေဟာ ဆိုရင်လည်း အမေရိကန်အစိုးရရဲ့ မူဝါဒအပြောင်းအလဲတွေ
ဖြစ်လာလိမ့်မယ်လို့ တွက်ဆကြပါတယ်။

“သူတို့ အပြောင်းအလဲတော့ ရှိမယ်။ သူတို့ပြောနေတဲ့ စကားတွေ၊ နိုင်ငံခြားရေးဝန်ကြီး ပြောတဲ့ စကားတွေ၊ မနေ့က မစ္စတာဘလိတ်ခ်ပြောတဲ့ စကားတွေအရဆိုရင် အပြောင်းအလဲ ရှိမယ်။ အပြောင်းအလဲက ဘယ်အပြောင်းအလဲ ဖြစ်မယ်ဆိုတာကိုတော့ အဆုံးအဖြတ် မပြုရသေးဘူးလို့ပဲ ပြောသွားတယ်။ တိတိကျကျတော့ ကျနော်တို့ မမြင် ဘူး။ သို့သော် ဒီလို အခြေအနေတွေကို သုံးသပ်ရင်တော့ ကောင်းလာဖို့ မျှော်လင့်နိုင် မယ် လို့ ထင်ပါတယ်။

“မနေ့က တွေ့ဆုံစကားပြောတဲ့နေရာမှာ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးအတွက် သူတို့ရပ်တည်မှုဟာ Farm ဖြစ်ပါတယ်၊ အပြောင်းအလဲမရှိပါဘူးလို့ ဒီဥစ္စာကို အခြေခံပြီးပြောတယ်။
အဲဒီတော့ တွေ့ဆုံပြီး ညှိနှိုင်းဆောင်ရွက်ကြမယ်ဆိုရင်လည်း ကျနော်တို့ကကြိုဆိုတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဘယ်ကိစ္စမဆို တွေ့ဆုံညှိနှိုင်းဆွေးနွေးတာဟာ အကောင်းဆုံး
နည်းလမ်းပဲလို့ ကျနော်တို့ ယုံကြည်လို့ပါ။”

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိနဲ့ တွေ့ဆုံခဲ့သူတဦးဖြစ်တဲ့ အန်န်အယ်လ်ဒီပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

ဒီလိုပဲ အမေရိကန်အစိုးရရဲ့ မူဝါဒတွေမှာ အပြောင်းအလဲတွေ ဖြစ်လာစရာတွေ မြင်နေရပေမဲ့ ဒီလို ပြောင်းလဲမှုတွေဟာ တော့ ဒီမိုကရေစီရေးအတွက် အထောက်အကူ ဖြစ်မြဲ ဖြစ်နေနိုင်လိမ့်မယ်လို့လည်း မနေ့တုန်းက ရန်ကုန်မြို့မှာပဲ အမေရိကန်အရာရှိနဲ့ တွေ့ဆုံခဲ့သူ တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအေးသာအောင်က ဆိုပါတယ်။

“အန်ကယ်တို့ကတော့ လုံးလုံးလျားလျားကြီး ပြောင်းလဲသွားလိမ့်မယ်လို့ မယူဆဘူး။ နည်းပရိယာယ်ပိုင်းမှာတော့ လုပ်ပုံကိုင်ပုံ အပြောင်းအလဲရှိမယ်။ လုံးလုံးလျားလျားကြီး ပြောင်းလဲသွားလိမ့်မယ်လို့တော့ မထင်ဘူး။”

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အရှေ့တောင်အာရှရေးရာ ညွှန်ကြားရေးမှူး စတီဖင် ဘလိတ်ခ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတည်းက မြန်မာနိုင်ငံကို ရောက်နေပြီး အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း အပါအဝင်
အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့သလို ခရီးစဉ် အဆုံးသတ်နေ့မှာ အတိုက်အခံ နိုင်ငံရေးပါတီဝင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့တာပါ။

ဒီလို တွေ့ဆုံကြတဲ့နေရာမှာ မြန်မာနိုင်ငံက လက်ရှိ နိုင်ငံရေးအခြေအနေတွေ၊ အမေရိကန်ပြည်ထောင်စုက ချမှတ်ထားတဲ့ စစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေအပေါ် သဘောထားအမြင်တွေကို နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိက
သဘောထား မေးမြန်းတာတွေ ရှိခဲ့ပါတယ်။ ဒီမိုကရေစီရေး လှုပ်ရှားနေသူတွေကတော့ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှု တခုတည်းဟာ ပြဿနာရဲ့ အဖြေမဟုတ်ဘူးလို့ ယူဆထားကြတာပါ။

“ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုအတွက် ဒီတခုတည်းနဲ့တော့၊ ကျနော်တို့ Sanction ရှိလို့လည်း တခုတည်းနဲ့ မဖြစ်ဘူး။ Sanction ဖျက်လိုက်လို့လည်း ဒီတခုတည်းနဲ့ မပျက်ဘူး၊ ကျနော်တို့ ဒီလိုပဲမြင်တယ်။ ဒါဟာ လုပ်ငန်းစဉ်ထဲက လုပ်ငန်းတမျိုး ပဲ၊ အဲလိုပဲ ကျနော်တို့ သဘောပေါက်ပါတယ်။”

“စီးပွားရေးပိတ်ဆု့ိဖို့အတွက်ကို အန်ကယ်တို့အပါအဝင် နိုင်ငံရေးပါတီတွေက၊ နိုင်ငံရေးသမားတွေက တောင်းဆိုလို့ ပိတ်ဆို့ တယ်လို့ မထင်ပါဘူး။ ဒါဟာ အမေရိကန်ရဲ့ မူဝါဒ တခုအနေနဲ့ ကျင့်သုံးတယ်လို့ပဲ ထင်ပါတယ်။ ဒီအပေါ်မှာတော့ အမေရိကန် ရဲ့ နိုင်ငံခြားရေးအမြင်ပေါ်မှာ မူတည်ပြီး သူတို့ ဆက်လက်ပြီးဘယ်လိုလုပ်မယ်ဆိုတာတော့ အန်ကယ်တို့ မမျှော်မှန်းနိုင်ဘူးပေါ့။”

အန်န်အယ်လ်ဒီပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအေးသာအောင် ပြောပြသွား တာ ဖြစ်ပါတယ်။

တကယ်တော့ မြန်မာစစ်အစိုးရဟာ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတွေ ရှိနေတယ်၊ ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲ မှု တွေ လုပ်ဖို့ ပျက်ကွက်တယ် ဆိုပြီးတော့ အမေရိကန်ပြည်ထောင်စု၊ အီးယူ ဥရောပသမဂ္ဂ စတဲ့နိုင်ငံတွေက စီးပွားရေးအရ
ပိတ်ဆို့ဒဏ်ခတ် အရေးယူတာကို ခံနေရတဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဒီလိုဆောင်ရွက်မှုတွေဟာ ထိရောက်မှုမရှိဘဲ ဖြစ်နေတယ်၊ ဒီလိုပဲ အစိုးရနဲ့ စေ့စပ် လုပ်ကိုင်နေတာတွေဟာ လည်း အလုပ်မဖြစ်တာမို့ ဒီမူဝါဒတွေကို ပြန်ပြီးသုံးသပ်မယ်ဆိုပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်
(Hillary Clinton) က ပြီးခဲ့တဲ့လထဲတုန်းက အာရှခရီးစဉ်မှာ ပြောခဲ့တာပါ။

ဒီလိုပဲ ရှေ့လထဲမှာ သတ်တမ်းကုန်ဆုံးတော့မှာဖြစ်တဲ့ အီးယူရဲ့ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ဒဏ်ခတ်မှုတွေကိုလည်း လျှော့ပေါ့ပေးလိုတယ်၊ ဒီလိုဆုံးဖြတ်ဖို့ကလည်း စစ်အစိုးရဘက်က နိုင်ငံရေးတိုးတက်မှုတွေ လုပ်ပြတဲ့အပေါ်မှာ မူတည်လိမ့်
မယ်ဆိုပြီး အီးယူရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ပီယဲရို ဖက်ဆီနို (Piero Fassino) ကလည်း မနေ့တုန်းကပဲ အင်ဒိုနီရှားနိုင်ငံမှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG