သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဓမ္မခိုင်းစေမှုများ အိုင်အယ်လ်အိုကို တိုင်ကြားမှု နည်းပါး


မြန်မာနိုင်ငံမှာ အဓမ္မလုပ်အားပေး ခိုင်းစေမှုတွေအတွက် အိုင်အယ်လ်အို နိုင်ငံတကာအလုပ်သမားအဖွဲ့ကို တိုင်ကြားခွင့် ရှိတယ်ဆိုတာကို မြန်မာနိုင်ငံသား တော်တော်များများ မသိကြသေးတဲ့အပြင် သိတဲ့သူတချို့ဟာလည်း လာရောက် တိုင်ကြားဖို့ ကြောက်နေကြတာကို တွေ့ရတယ်လို့ အိုင်အယ်လ်အိုအဖွဲ့ကြီးရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်က ပြောပါတယ်။ ကလေးစစ်သား စုဆောင်းသူနဲ့ အဓမ္မလုပ်အားပေး ခိုင်းစေသူတွေကို ရာဇဝတ်ပြစ်မှုဆိုင်ရာ ဥပဒေချမှတ်ပြီး အရေးယူဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာ စတီဖ် မာရှဲလ် (Steve Marshall) ဟာ လွန်ခဲ့တဲ့သုံးလအတွင်း မြန်မာနိုင်ငံ အတွင်း အဓမ္မလုပ်အားခိုင်းစေမှုဆိုင်ရာအချက်တွေ အဓိကပါတဲ့ အစီရင်ခံစာတစောင်ကို ဗုဒ္ဓဟူးနေ့က ဂျနီဗာမှာရှိတဲ့
အိုင်အယ်လ်အိုရုံးချုပ်မှာ တင်သွင်းခဲ့ပါတယ်။

ဖေဖော်ဝါရီလကုန်မှာ အိုင်အယ်လ်အိုက အမှုဆောင်ဒါရိုက်တာ မစ္စတာ ကာရီ တာပီ ယိုလာ (Kari Tapiola) ဦးဆောင်တဲ့ အဖွဲ့ မြန်မာနိုင်ငံမှာ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံဆွေးနွေးပြီး နောက်ထပ်တနှစ် သက်တမ်းတိုးခဲ့တဲ့ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးနိုင်ခဲ့တာ အပါအဝင် အလုပ်သမားဝန်ကြီးဌာနရဲ့ အဓမ္မ လုပ်အားခိုင်း စေမှု တားမြစ်တဲ့ ကြေညာချက်ကို မြန်မာနိုင်ငံသားတွေသိအောင် ထုတ်ပြန်ပေးတာလိုမျိုး အပြုသဘောဆောင်တဲ့အချက်တွေ အများအပြား ရှိနေပေမဲ့ အဆင်မပြေတဲ့အချက်တွေနဲ့ လိုအပ်ချက်တွေ ရှိနေတာလည်း တွေ့ရတယ်လို့ မစ္စတာမာရှဲလ် က ပြောပါတယ်။

“အပြုသဘောမဆောင်တဲ့ အခြေအနေတွေ ရှိနေတာကိုလည်း ကျနော် တင်ပြခဲ့ပါတယ်။ အဲဒီထဲမှာ အိုင်အယ်လ်အိုနဲ့ ဆက်သွယ်ပြီး အဓမ္မလုပ်အားပေးခိုင်းစေမှု မရှိစေဖို့ ဆောင်ရွက်တဲ့သူတွေကို ခြိမ်းခြောက်တာ၊ ဖမ်းဆီးပြီး အပြစ်ပေးတာ၊ ထောင်ချတာတွေ လုပ်နေတာလည်း ပါပါတယ်။ နောက်ပြီးတော့ ကလေးစစ်သားအသုံးပြုတာနဲ့ အဓမ္မ လုပ်အားပေး ခိုင်းစေတာတွေနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူတွေကို အပြစ်ပေးမယ့် ဥပဒေဟာ ပြစ်မှုဆိုင်ရာဥပဒေအောက်မှာ ရှိရမှာ ဖြစ်ပြီး အဲဒီပြစ်မှုကျူးလွန်သူတွေအတွက် သင့်တော်တဲ့ အပြစ်ပေးဖို့ကိစ္စကို သေသေချာချာလုပ်ကိုင်ဖို့ လိုနေပါတယ်။”

ဒီလိုအပြစ်ပေးမှလည်း အဓမ္မလုပ်အားခိုင်းစေတဲ့သူတို့၊ ကလေးစစ်သား စုဆောင်းသူတို့ဟာ သူတို့လုပ်ရပ်ကြောင့် ကြီးလေးတဲ့ အပြစ်ဒဏ်တွေ ခံရမယ်ဆိုတာကို သိလာနိုင်တယ်လို့လည်း ပြောပါတယ်။

အိုင်အယ်လ်အိုနဲ့ဆက်သွယ်ပြီး အဓမ္မလုပ်အားခိုင်းစေမှု မရှိအောင် ဆောင်ရွက်နေသူအများအပြားကို ခြိမ်းခြောက်တာ အပြင် ပုံစံမျိုးစုံနဲ့ ဖမ်းဆီးအပြစ်ပေးနေတာလည်း တွေ့ရတယ်လို့ ဆိုပါတယ်။ ဒီအထဲမှာ အောင်လံက ဦးဇော်ဌေးကို ဖမ်းဆီး အရေးယူတဲ့အမှုမျိုးကို ဥပမာအဖြစ် ပေးခဲ့ပါတယ်။ သူ့ကို နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားစေမှုဆိုင်ရာ ဥပဒေနဲ့ အရေး ယူပြီး အပြစ်ပေးခဲ့တာမို့ အိုင်အယ်လ်အိုကို ဆက်သွယ်ပြီး မြန်မာစစ်အစိုးရနဲ့ အိုင်အယ်လ်အိုတို့အကြား သဘောတူထားတဲ့ ကိစ္စ ဆောင်ရွက်နေသူကို ဒီလို တခြားစွဲချက်နဲ့ အပြစ်ပေးမှုမျိုး ရှိနေတာအတွက် အိုင်အယ်လ်အိုက စိတ်ပူတယ်လို့ ဆိုပါ တယ်။

ဦးဇော်ဌေးရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးဖိုးဖြူဟာလည်း အလားတူ မဆိုင်တဲ့စွဲချက်တွေနဲ့ တရားစွဲ အပြစ်ပေးတာကို ခံနေရတယ်လို့လည်း ပြောပါတယ်။

“သူ့ရဲ့ရှေ့နေ ဦးဖိုးဖြူဟာလည်း ဦးဇော်ဌေးရဲ့အမှုကို တရားရုံးမှာ လိုက်ပါဆောင်ရွက်နေရင်းနဲ့ပဲ အဖမ်းခံခဲ့ရတာပါ။ သူ့ကိုတော့ အသင်းအဖွဲ့ ဖွဲ့စည်းမှုဆိုင်ရာဥပဒေနဲ့ တရားစွဲခဲ့ပြီး အခု ထောင်ဒဏ် ၄ နှစ်ချမှတ်တာကို ခံနေရပါတယ်။ သူဒီလို အပြစ်ပေးခံရတာဟာ အိုင်အယ်လ်အိုက ဆောင်ရွက်နေတဲ့ အဓမ္မလုပ်အားပေးခိုင်းစေမှု ပပျောက်ရေးကိစ္စနဲ့ ဆက်နွယ်နေပြီး ဦးဇော်ဌေးရဲ့အမှုကို လိုက်ပေးနေတုန်း အခုလိုမျိုး ဖမ်းဆီးခံရတာမို့ ကျနော်တို့ဘက်က သိပ်ပြီး စိုးရိမ် နေပါတယ်။ အဲဒါကြောင့် အိုင်အယ်လ်အိုရုံးချုပ်က ဒီကိစ္စကို အရေးယူဖို့ တင်ပြခဲ့တာပါ။”

လွန်ခဲ့တဲ့ ၂ နှစ်အတွင်း အိုင်အယ်လ်အိုကို တိုင်ကြားခဲ့တဲ့အမှုပေါင်း ၁၃၇ မှုရှိခဲ့ပြီး မကြာခင်က အမှုသစ် ၁၃ မှု လက်ခံရရှိ ခဲ့တယ်လို့လည်း ပြောပါတယ်။ တချို့ လယ်ယာမြေသိမ်းပြီး အဓမ္မခိုင်းစေမှုတွေအတွက် အစိုးရဘက်က သိမ်းထားတဲ့ မြေ တွေ ပြန်ပေးတာမျိုးလို ပူးပေါင်းဆောင်ရွက်မှု ရှိနေတာမို့ တိုးတက်မှုတချို့ တွေ့ရပေမယ့် အားလုံး ခြုံကြည့်ရင်တော့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အထူးစိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။

အိုင်အယ်လ်အိုကို လာရောက်တိုင်ကြားတဲ့အမှုတွေဟာ မှန်ကန်မှုရှိတာကို စစ်ဆေးတွေ့ရှိရလို့ ဆက်လက် ဆောင်ရွက်နိုင် ပေမဲ့ လာရောက်မတိုင်ကြားကြတဲ့ အမှုပေါင်းများစွာရှိနေမယ်လို့ သူယုံကြည်ကြောင်းလည်း အခုလိုပြောပါတယ်။

“ဒီလိုဖြစ်ရတာကတော့ အိုင်အယ်လ်အိုကို တိုင်ကြားလို့ရတယ်၊ တိုင်ကြားခွင့်ရှိတယ်ဆိုတာကို လူတော်တော်များများက သိပ်ပြီး မသိကြသေးတာလည်း ဖြစ်နိုင်သလို သိကြပေမဲ့လည်း တိုင်ကြားဖို့ ကြောက်နေမယ်လို့ ကျနော်တို့က ယူဆပါတယ်။
ဒါကြောင့် လူထုသိအောင်လုပ်ဖို့ အများကြီး လိုနေပါသေးတယ်။ လူထုကရော အာဏာပိုင်တွေကပါ ဒါဟာ လူတိုင်း ရသင့် ရထိုက်တဲ့ အခွင့်အရေးတခုဖြစ်တယ်ဆိုတာ သိကြပြီး အဓမ္မခိုင်းစေတာတွေကို မလုပ်ရဘူးဆိုတဲ့ ဥပဒေကို လိုက်နာကြဖို့
လိုပါတယ်။”

အိုင်အယ်လ်အိုအဖွဲ့ကြီးအနေနဲ့ မြန်မာစစ်အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်နေပြီး အိုင်အယ်လ်အိုကို တိုင်ကြားမှုတွေဟာ နိုင်ငံရေးနဲ့ ဘာမှ မပတ်သက်ကြောင်း အာဏာပိုင်တွေနားလည်အောင် ကြိုးစားနေပါတယ်လို့လည်း မစ္စတာ စတိဖ်
မာရှဲလ်က ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG