သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရရဲ့ အပြောထက် လုပ်ရပ်ကို အတိုက်အခံတို့ မြင်လို


ဒီကနေ့ ကျရောက်တဲ့ ၆၄ ကြိမ်မြောက် ဖက်ဆစ်ဂျပန် တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပနေချိန်မှာပဲ ဒီမိုကရေစီရေး ဦးတည်တဲ့ လုပ်ရပ်တွေကို ညီညီညွတ်ညွတ် လုပ်သွားဖို့၊ နိုင်ငံရေးအင်အားစုတွေ အနေနဲ့လည်း သင့်သင့်မြတ်မြတ်နဲ့ နိုင်ငံရေးလုပ်ငန်းတွေကို လုပ်သွားဖို့ မြန်မာစစ်အစိုးရ အကြီးအကဲက တိုက်တွန်းလိုက်ပါတယ်။
အတိုက်အခံ နိုင်ငံရေးအသိုင်းအဝန်းကတော့ ဒီလို တိုက်တွန်းချက်တွေကို ကြိုဆိုခဲ့ပေမဲ့ အပြောထက် အလုပ်နဲ့ လက်တွေ့ ပြဖို့၊ နိုင်ငံရေးအရ တိုးတက်မှုတွေကိုလည်း သိသာမြင်သာအောင် လုပ်ပြဖို့ လိုနေသေးတယ်လို့ ဆိုလိုက်ပါတယ်။ ဒီမိုကရေစီနိုင်ငံဖြစ်အောင် လုပ်နေတယ်လို့ ပြောနေတဲ့ စစ်အစိုးရနဲ့ အတိုက်အခံတို့ကြား မတူကွဲပြားတဲ့ သဘောထား တွေကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

၆၄ ကြိမ်မြောက် ဖက်ဆစ်ဂျပန်တော်လှန်ရေးနေ့၊ အခုအခါ တပ်မတော်နေ့လို့ ခေါ်ဝေါ်လာတဲ့ အခမ်းအနားတွေကို မြန်မာ စစ်အစိုးရရော၊ တော်လှန်ရေးတိုက်ပွဲဝင် နိုင်ငံရေးသမားဟောင်းတွေ အပါအဝင် အတိုက်အခံ နိုင်ငံရေးအင်အားစုတွေကပါ
ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကျင်းပကြရင်း နိုင်ငံရေးအရ သူတို့ရဲ့ သဘောထား ရပ်တည်ချက်တွေကို ပြောခဲ့ကြတာပါ။

အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ မနက်အစောပိုင်းက စကျင်းပတဲ့ အခမ်းအနားအတွင်း စစ်သည်ပေါင်း ၁၃,၀၀၀ ရှေ့ ပြောကြားတဲ့ မိန့်ခွန်းမှာ စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နိုင်ငံရေးအင်အားစုတွေအနေနဲ့ ပြည်ထောင်စု မပြိုကွဲအောင်၊ သွေးစည်းညီညွတ်မှု၊ ပြည်ထောင်စုစိတ်ဓာတ်တွေနဲ့ ဆောင်ရွက်သွားဖို့လိုတယ်ဆိုပြီး ပြောလိုက်တာပါ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ တည်ဆောက်ရေးဟာ နုနယ်သိမ့်မွေ့တာမို့ ဂရုတစိုက် စိတ်ရှည်လက်ရှည် ပြုစု ပျိုးထောင်သွားဖို့ လိုတယ် ဆိုပြီးတော့လည်း ပြောခဲ့တာပါ။ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေဘက်ကတော့ ဒီလို ဒီမိုကရေစီရေးကို
ရည်ညွှန်းတဲ့ တိုက်တွန်းမှုတွေဟာ လက်ခံစရာ ဖြစ်ပေမယ့်လို့ ဒီလိုပြောရုံနဲ့ မပြီးဘဲ လက်တွေ့လုပ်ဖို့ လိုနေသေးတယ်လို့ မြင်ကြပါတယ်။

“မိန့်ခွန်းမှာပါတဲ့ အယူအဆတွေ၊ ဒီမိုကရေစီရေးနဲ့ပတ်သက်ပြီးတော့ တိုင်းပြည်ဖွဲ့စည်းရေးနဲ့ပတ်သက်ပြီးတော့ ပြောသွား တဲ့ဟာတွေက ကျနော်တို့အနေနဲ့တော့ ဒါ ဘာမှ ငြင်းစရာမရှိဘူး။ သို့သော်လည်း တကယ်တမ်းအားဖြင့် အဲဒါတွေကို လက်တွေ့ လုပ်ဆောင်ဖို့က ပိုပြီးအရေးကြီးတယ်လို့ ကျနော်တို့က ယူဆတယ်။ မြန်မာ့တပ်မတော်ဟာ တော်လှန်ရေးကာလ က စတင်ပြီး ပေါ်ပေါက်လာတာ။

“အဲဒီလို ပေါ်ပေါက်လာတဲ့ တပ်မတော်နဲ့ ပတ်သက်ပြီးတော့ တပ်မတော်ရဲ့ ဖခင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းက တပ်မတော်ဟာ ပြည်သူအတွက်ပဲ ဖြစ်ရမယ်၊ တဦးတယောက် ပါတီ အဖွဲ့အစည်းတခုအတွက် မဖြစ်စေရဘူး၊ ပြီးတော့ တပ်မတော်ဟာ လွှတ်တော်ရဲ့အောက်မှာပဲ ရှိရမယ်၊ လွှတ်တော်ပေါ် တပ်မတော်က လွှမ်းမိုးမှု မရှိစေရဘူးလို့ ဗိုလ်ချုပ်အောင်ဆန်းက မိန့်ခွန်းတွေ ပြောခဲ့တယ်။ ဒါတွေကိုလည်း ဒီနေ့ ကြေညာချက်မှာ လွှမ်းခြုံပြီးတော့ တင်ပြထားပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကလည်း တပ်မတော်အပေါ်မှာ ဘယ်တုန်းကမှ အာဃာတမရှိဘူး။ တပ်မတော်ကောင်း တရပ်ဖြစ်ဖို့ အမြဲတမ်းလိုလားတယ်။ တပ်မတော်အနေနဲ့ တိုင်းပြည်အတွက် တိုင်းပြည်ကို အကာအကွယ်ပြုဖို့ လိုအပ်တယ်
ဆိုတာ၊ ဒီလိုပြောကြားချက်တွေကိုလည်း လွှမ်းခြုံပြီးတော့ ကျနော်တို့ တင်ပြထားပါတယ်။

“အဲဒီလို တပ်မတော် စတင်ဖွဲ့စည်းကတည်းကိုက ဒီတပ်မတော် ဖွဲ့စည်းလာတာဟာ တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီး ရတဲ့ ရလဒ် ပေါ်မှာ အဖြေပေါ်လာတာ။ ဒါကြောင့် ယနေ့ တပ်မတော်အနေနဲ့လည်း တွေ့ဆုံဆွေးနွေး ညှိနှိုင်းပြီးတော့ နိုင်ငံ့ကောင်းကျိုး ကို ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ ကျနော်တို့ တင်ပြပါတယ်။”

ရန်ကုန်မြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ပါတီ ဌာနချုပ်ရုံးမှာ တော်လှန်ရေးနေ့ အခမ်းအနား ကျင်းပ နေရာက ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပြောသွားတာ ဖြစ်ပါတယ်။

စစ်အစိုးရ အကြီးအကဲရဲ့ မိန့်ခွန်းထဲမှာတော့ ရှေ့နှစ်ထဲ အစိုးရက ကမကထလုပ် ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ရည်ညွှန်းပြောဆိုမှုတွေ အများအပြား ပါဝင်ခဲ့တာပါ။ ဒါပေမယ့်လို့ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေ ပါဝင်နိုင်မယ့် အခြေအနေမျိုးမရှိ ဖြစ်နေရတဲ့ ဒီရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဝေဖန်စစ်ကြောတာတွေကလည်း ရှိနေတာပါ။

ရန်ကုန်မြို့မှာပဲ မနက်အစောပိုင်း တော်လှန်ရေးနေ့ မိတ်ဆုံစားပွဲ ကျင်းပခဲ့ကြတဲ့ ဝါရင့် နိုင်ငံရေးသမားကြီးများအဖွဲ့က ဗိုလ်မင်းလွင်က ဆိုရင်လည်း အစိုးရရဲ့ ရွေးကောက်ပွဲတွေဟာ လက်ရှိရင်ဆိုင်နေရတဲ့ နိုင်ငံရေးပြဿနာတွေရဲ့ အဖြေ မဟုတ်ဘူးလို့ ဆိုပါတယ်။

“ယနေ့လို အမျိုးသားသွေးစည်းညီညွတ်ရေး လိုအပ်နေဆုံး အချိန်မျိုးမှာ ဘာပဲပြောပြော အမျိုးသား သွေးစည်းညီညွတ်ရေး အတွက် တွေ့ဆုံဆွေးနွေး အဖြေရှာပြီးတော့ အချင်းချင်း ပူးပေါင်းဆောင်ရွက်ကြရေးကိုသာ အန်ကယ်တို့ တစိုက်မတ်မတ်
ပြောနေတာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီနည်းကျတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မဟုတ်ဘူး၊ ရေးဆွဲထားတဲ့ ပုံစံ လည်း သဘောမကျဘူး၊ နောက်တခုက ဆန္ဒခံယူပွဲကိုလည်း ဖြစ်သလို တက်သုတ်ရိုက်ပြီးတော့ ပြည်သူတွေကို လေ့လာခွင့် မပေးဘဲ လုပ်သွားတာ၊ ဒါ အန်ကယ်တို့အနေနဲ့ လက်မခံနိုင်ဘူးလို့ ကြေညာချက်ပါထုတ်ပြီးတော့ အတိအလင်း ပြောထားပြီး သားပါ။

“အဲဒီတော့ နောက်လာမယ့် ရွေးကောက်ပွဲကိုလည်း အန်ကယ်တို့ သဘောထားကတော့ ဇွတ်အတင်းကြီး လုပ်မယ်ဆိုရင် လည်း လုပ်လို့တော့ ဖြစ်သွားမှာပေါ့၊ သို့သော်လည်းအန်ကယ်တို့ ယုံကြည်တာကတော့ ဒီလိုလုပ်ခြင်းအားဖြင့် တိုင်းပြည်မှာ ငြိမ်းချမ်းရေးလည်း မရနိုင်ဘူး၊ တည်ငြိမ်မှုလည်း မရနိုင်ဘူး၊ ဒီမိုကရေစီနိုင်ငံလည်း မဖြစ်နိုင်ဘူး၊ တိုင်းပြည်စီးပွား ဖွံ့ဖြိုး တိုးတက်မှုလည်း မဖြစ်နိုင်ဘူးလို့ အန်ကယ်တို့က ရိုးရိုးသားသား ယုံကြည်တာပါ။ ယုံကြည်တဲ့အလျောက်ပဲ အန်ကယ်တို့ ပြောနေတာပါ။ အန်ကယ်တို့က ဖျက်လိုဖျက်ဆီး ပြောနေတာ မဟုတ်ပါဘူး။”

ရန်ကုန်မြို့က ဝါရင့်နိုင်ငံရေးသမားကြီးတဦးဖြစ်တဲ့ ဗိုလ်မင်းလွင် ပြောပြသွားတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ တော်လှန်ရေးနေ့ အခမ်းအနားတွေကို အသီးသီးကျင်းပကြတဲ့နေရာမှာ စစ်အစိုးရအနေနဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုကို ပြသဖို့အတွက် ဖမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ကိုလည်း ဝါရင့် နိုင်ငံရေးသမားကြီး တွေနဲ့ အန်အယ်လ်ဒီပါတီတို့က တိုက်တွန်းခဲ့ကြပါသေးတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG