မြောက်ကိုရီးယားက ပစ်လွှတ်ဖို့ စီစဉ်နေတဲ့ ဒုံးကျည်ရဲ့ အစိတ်အပိုင်းတွေ အားလုံးကို ပစ်ချဖို့ ဂျပန်စစ်တပ်ကတော့ အဆင်သင့် ဖြစ်နေပါပြီ။ တချိန်တည်းမှာပဲ မြောက်ကိုရီးယားဘက်က ဒုံးကျည်ပစ်လွှတ်တော့မယ့်ကိစ္စကို တုံ့ပြန်နိုင်မယ့် သံတမန်နည်းလမ်းတရပ်ကိုလည်း ရှာဖွေဖို့ ဒေသတွင်းသံတမန်တွေဟာ အမေရိကန်ပြည်ထောင်စုကို လာနေကြပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ဗွီအိုအေသတင်းထောက် ကာ့တ် အာချင်း (Kurt Achin) ဆိုးလ်မြို့တော်ကနေ သတင်း ပေးပို့ထားတာကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။
မြောက်ကိုရီးယားက ပစ်လွှတ်ဖို့ စီစဉ်ထားတဲ့ ဒုံးကျည်ပစ်လွှတ်တဲ့အချိန်မှာ တခုခု မှားယွင်းခဲ့မယ်ဆိုရင် အန္တရာယ်ရှိတဲ့ အစိတ်အပိုင်းတွေကို ပစ်ချဖို့ အမိန့်ပေးထားတယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး ယဆုကဇု ဟမဒါ (Yasukazu Hamada) က ပြောပါတယ်။
ဂျပန်နိုင်ငံပေါ်ကနေ ဘယ်လိုဒုံးကျည်မျိုးမဆို ဖြတ်သွားမှာကို လက်မခံနိုင်ဘူးလို့ ဟမဒါက ပြောပြီး နိုင်ငံရဲ့အကျိုးစီးပွားကို ထိခိုက်စေမယ့် ဘယ်လိုကိစ္စမျိုးကိုမဆို သင့်တော်တဲ့အရေးယူမှု လုပ်ရလိမ့်မယ်လို့ ဂျပန်ဘာသာစကားနဲ့ ပြောသွားပါ တယ်။
သောကြာနေ့က ဂျပန်လုံခြုံရေးကောင်စီ အစည်းအဝေးပြီးတဲ့နောက် ကာကွယ်ရေး
ဝန်ကြီး ဟမဒါက အခုလိုပြောလိုက်တာပါ။ ဂျပန်မြေပေါ်ကို ကျလာဖွယ်ရှိတဲ့ မြောက်ကိုရီးယားဒုံးကျည် အစိတ်အပိုင်းတွေကို ဖျက်ဆီးပစ်ဖို့ ဒုံးကျည် ကာကွယ် ရေး နည်းပညာကို အသုံးပြုရေး အကြီးတန်းတာဝန်ရှိသူတွေက အစည်းအဝေးမှာ အတည်ပြုခဲ့ပါတယ်။
မြောက်ကိုရီးယားတို့က သူတို့ရဲ့အဆို ဆက်သွယ်ရေးဂြိုဟ်တုကို ဧပြီလ ၄ ရက်နဲ့ ၈ ရက်ကြားမှာ ပစ်လွှတ်မယ်လို့ ကြေညာထားပါတယ်။ ဒုံးကျည်လမ်းကြောင်းဟာ ဂျပန်မြောက်ပိုင်းဒေသကို ဖြတ်သွားလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။
စီစဉ်ထားတဲ့ ပစ်လွှတ်မှုဟာ မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ်ဒုံးကျည် အစီအစဉ် ကို တိုးတက်အောင်လုပ်မယ့် လက်မခံနိုင်ဖွယ် ကြိုးပမ်းမှုဖြစ်တယ်လို့ တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်တို့က မြင်ကြပါတယ်။ မြောက်ကိုရီးယားက ပစ်လွှတ်ဖို့ စီစဉ်ထားတဲ့ ဒီဒုံးကျည်ဟာ သီအိုရီအရဆိုရင်တော့ အမေရိကန်အနောက်ပိုင်းထိ ရောက်နိုင်တဲ့ ထိပ်ဖူးတွေ သယ်ဆောင်နိုင်စွမ်းရှိပါတယ်။
၂၀၀၆ ခုနှစ်မှာ မြောက်ကိုရီးယားက နျူကလီးယားလက်နက် စမ်းသပ်ခဲ့ပြီးတဲ့နောက် ကုလသမဂ္ဂက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်ကို ဒီပစ်လွှတ်မှုက ချိုးဖောက်ရာကျလိမ့်မယ်လို့ ဂျပန်ဝန်ကြီးချုပ် တာရို အာဇို (Taro Aso) အပါအဝင် ၃ နိုင်ငံ စလုံးရဲ့ ခေါင်းဆောင်တွေက ပြောနေကြပါတယ်။
“ဒုံးကျည်မပစ်လွှတ်ဖို့ မြောက်ကိုရီးယားကို တိုက်တွန်းနေတဲ့ တချိန်တည်းမှာပဲ ကုလသမဂ္ဂကနေတဆင့် အပြင်းအထန် ကန့်ကွက်သွားမယ်” လို့ တာရို အာဇိုက ဂျပန်ဘာသာစကားနဲ့ ပြောသွားပါတယ်။
ဒုံးကျည်ကိုပစ်ချဖို့ ကြိုးပမ်းမှုတွေဟာ စစ်ဖြစ်ပွားစေတဲ့လုပ်ရပ်မျိုး ဖြစ်လိမ့်မယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂက နောက်ထပ်အရေးယူမှုလုပ်မယ်ဆိုရင် နျူကလီးယားလက်နက် အစီအစဉ် အဆုံးသတ်ရေး ဆွေးနွေး ပွဲတွေကို ဆိုးဆိုးရွားရွား ထိခိုက်စေလိမ့်မယ်လို့လည်း ပြောပါတယ်။
၆ နိုင်ငံဆွေးနွေးပွဲတွေမှာ ပါဝင်တဲ့ တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ကတော့ သံတမန်ရေးတုံ့ပြန်မှုတွေအတွက် အဆင့်မြင့် အကြံယူ ညှိနှိုင်းတိုင်ပင်ဖို့ ဒီကနေ့မှာ ဝါရှင်တန်ဒီစီမြို့တော်ဆီ ထွက်ခွာလာနေပါတယ်။