အမေရိကန်ပြည်ထောင်စုရောက် သီးလေးသီး ဆေးရောင်စုံအငြိမ့် ဒီကနေ့ မတ်လ ၂၈ ရက်နေ့မှာ သူတို့ရဲ့ဖျော်ဖြေမှုကို အဆုံးသတ်ပြီး ထိုင်း-မြန်မာနယ်စပ်ကို ပြန်ကြပါတော့မယ်။ သူတို့အဖွဲ့ဟာ အမေရိကန်နိုင်ငံမှာ ၄ လကြာ ဖျော်ဖြေ တင်ဆက် ခဲ့ကြတာဖြစ်ပြီး စုစုပေါင်း အငြိမ့် ၁၀ ပွဲ ကခဲ့တာပါ။
သီးလေးသီးအငြိမ့်ဟာ ထိုင်း-မြန်မာနယ်စပ်ကနေ နိုင်ငံတကာရောက် မြန်မာမိသားစုတွေဆီ လှည့်လည် ဖျော်ဖြေနေကြတာ ဖြစ်ပြီး မြန်မာပြည်က အဖြစ်အပျက်တွေကို အငြိမ့်အနုပညာနဲ့ လွတ်လွတ်လပ်လပ်၊ ပွင့်ပွင့်လင်းလင်း တင်ဆက်နေကြတဲ့ လူငယ်အငြိမ့်အဖွဲ့ ဖြစ်ပါတယ်။
အမေရိကန်က သူတို့ဖျော်ဖြေမှုတွေထဲမှာ မြန်မာပြည်တွင်းမှာ အဖမ်းခံနေကြရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီ ထောက်ပံ့ရေး ရန်ပုံငွေရှာဖွေမှုတွေလည်း ရှိခဲ့ကြပါတယ်။
မြန်မာပြည်တွင်းမှာကတည်းက ပြည်သူတွေရဲ့ အကျပ်အတည်းတွေကို တင်ပြတဲ့ ဖျော်ဖြေမှုတွေရှိခဲ့ပြီး ပြည်ပ ရောက်လာတဲ့ အခါမှာ ပိုလွတ်လပ်တဲ့ တင်ဆက်မှုတွေ ရှိလာလို့ ပရိသတ်ရဲ့ အားပေးမှုတွေ ရရှိနေတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။