သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုးဆေးပါသည့် လက်ဖက် ၅၇မျိုးစာရင်း ကျန်းမာရေးဌာန ထုတ်ပြန် သတိပေး


အစားအသောက်တွေထဲမှာ စားသုံးခွင့်မပြုတဲ့ Auramine O အဝါရောင် ဆိုးဆေး တွေ ထည့်သွင်းသုံးစွဲနေတာ တွေ့ရှိတဲ့ နောက်ထပ် အမှတ်တံဆိပ်တွေကို မြန်မာနိုင်ငံ ကျန်းမာရေးဌာနက နာမည်စာရင်းတွေနဲ့ အသိပေးချက်အသစ် ထုတ်ပြန်လိုက်ပါ တယ်။ ရေရှည်စားသုံးမိရင် အသည်း နဲ့ ကျောက်ကပ်ရောဂါ အပြင်၊ ကင်ဆာရောဂါလည်း ဖြစ်စေနိုင်တဲ့ Auramine O ဆိုးဆေးတွေကို မြန်မာနိုင်ငံအနှံ့ ဈေးကွက်တွေထဲမှာ ရောင်းချနေတဲ့ လက်ဖက်တွေထဲမှာ တွေ့ရှိတဲ့အတွက် လက်ဖက် အမှတ်တံဆိပ်ပေါင်း ၄၃ မျိုးဟာ စားသုံးဖို့ မသင့်ဘူး ဆိုတဲ့ သတိပေးချက်ကို မတ်လ ၁၂ က ကျန်းမာရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ အခု နောက်ထပ် လက်ဖက်အမျိုးပေါင်း ၅၇ မျိုးကို စာရင်းသစ် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အခုလို မြန်မာနိုင်ငံ ဒေသအတော်များများမှာ ရိုးရာအစားအစာအဖြစ် စားသုံးနေကြတဲ့ လက်ဖက်တွေမှာ အခုလို ကျန်းမာရေးအန္တရာယ်ဖြစ်စေနိုင်တဲ့ ဓာတုဆေးဝါးတွေ ပါဝင်နေတဲ့အပေါ် ပြည်သူတွေက ဘယ်လောက် သတိထား နေကြပါသလဲ။ မနန္ဒာချမ်းက တင်ပြထားပါတယ်။

အစိုးရထုတ်သတင်းစာထဲမှာ ဒီကနေ့ လက်ဖက်အမျိုးအစား အားလုံး ၅၇ မျိုး ကို စာရင်းပြုစုထားပြီးတော့ အဲဒီ လက်ဖက် တွေထဲမှာ လူကို အန္တရာယ်ဖြစ်စေတဲ့ အဝါရောင်ဆိုးဆေး 'သြရမင်း အို' ကို တွေ့ရတဲ့အတွက် မစားကြဖို့ သတိပေးချက်တွေ ထုတ်ပြန်ခဲ့တာပါ။ ဒီဆိုးဆေးက ရေရှည်ကျရင် အသည်းနဲ့ကျောက်ကပ်ရောဂါတို့၊ ခန္ဓာကိုယ်ကြီးထွားတာကို ထိခိုက်စေတာ တို့၊ ကင်ဆာရောဂါ တို့ကို ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လက်ဖက်ကြိုက် တဲ့ မြန်မာပြည်သူတွေကြားမှာတော့ သိပ်ပြီး ဒါကို ဂရုစိုက်တာ မရှိသေးဘူး။ ပြီးတော့ ဆိုင်တွေမှာဆိုရင်လည်း တံဆိပ်မပါဘဲ အလေးချိန်နဲ့ရောင်းတဲ့ လက်ဖက်တွေကို ဝယ်သုံးနေကြတာ ရောင်းနေကြတာရှိနေတုန်းပဲလို့ ရန်ကုန်က အိမ်ရှင်မတဦးက အခုလို ပြောပြပါတယ်။

“ဆိုင်တွေပေါ်မှာ တင်ထားတာ တွေ့ပါတယ်။ လူတွေကလည်း ဝယ်နေကြတာပဲ၊ ရောင်းလဲ ရောင်းနေကြတာပဲ။ တင်ထား တာ အများစုက တံဆိပ်မပါတဲ့ အထုပ်တွေ။ အချိန်နဲ့ ရောင်းနေတယ်။ ယုဇနက စာရင်းထဲမပါသေးတော့ ရောင်းနေတာပဲ။ အလှူသွားတော့ လက်ဖက်သုပ်နဲ့ တည်ခင်းနေကြတာပဲ။ နှပ်ပြီးသာားတွေ မဟုတ်တာပေါ့။ ကိုယ့် အိမ်မှာ ပြန်ပြီး လုပ်တာ တွေပေ့ါ။ ဆိုင်ကြီးတွေမှာ တင်ထားတာက နှပ်ထားတာတွေ။ ဆိုင်မှာ တင်ထားတာ ဘယ်လောက် ကြာနေ သလဲ မသိဘူး။ ကိုယ့်အိမ်မှာ ကိုယ် ဆေးကြောပြီး ထောင်း စားတယ်။”

ရန်ကုန်မြို့က အိမ်ရှင်မတဦး ပြောပြခဲ့တာပါ။ အခုလို လက်ဖက်ထဲမှာ ဆိုးဆေးတွေပါဝင်နေလို့ လူကို ဘယ်လောက်ထိ အန္တရာယ် ဖြစ်စေနိုင်သလဲ ၊ ပြီးတော့ လူထုကြားမှာရော ကျယ်ကျယ်ပြန့်ပြန့် အသိပေ းပညာပေးတာတွေ ရှိမရှိ အစားအစာ နဲ့ ဆေးဝါး ကျန်းမာရေးဌာနက တာဝန်ရှိသူတဦးကို ဆက်သွယ်ခဲ့ပေမဲ့ ခေါ်ယူလို့ မရခဲ့ပါဘူး။ အစိုးရအနေနဲ့လည်း အခုလို အသိပေး ကြေညာချက် ထုတ်ရုံတင်မကဘဲ လူတွေ ပိုပြီး သတိထားလာအောင် ဒီထက်ပိုပြီး ထိထိ ရောက်ရောက် လုပ်သင့် တယ်လို့လည်း ပြောဆိုမှုတွေရှိနေပါတယ်။ ဒါ့အပြင် အရည်အသွေး အဆင့်အတန်းရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လက်ဖက် အပါအဝင် ကုန်ပစ္စည်းတော်တော်များများတွေ မြန်မာနိုင်ငံမှာ ထုတ်လုပ်နိုင်အောင် စိစစ်မှုတွေလုပ်ဖို့ အရေးကြီး တယ်လို့လည်း ပြောဆိုကြပါတယ်ရှင်။


ဆက်စပ်သတင်းများ ...

XS
SM
MD
LG