သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်တာနက်သူလျှိုလုပ်မှု တရုတ်နိုင်ငံ စွပ်စွဲခံရ


နိုင်ငံပေါင်း ၁၀၀ ကျော်က အစိုးရအဖွဲ့အစည်းတွေရဲ့ ကွန်ပျူတာတွေကို အင်တာနက်ကွန်ယက်ကတဆင့် ထိုးဖောက် ဝင်ရောက် ထောက်လှမ်းမှုတွေ လုပ်ခဲ့တာဟာ တရုတ်နိုင်ငံက ဖြစ်တယ်ဆိုတဲ့ ခြေရာကောက် စုံစမ်းမှုတွေ ပေါ်ထွက်လာ ပြီးနောက် အဲဒီအပေါ် အဝေးရောက် တိဘက်အစိုးရက စိုးရိမ်ကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

တိဘက်ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်း လားမား (Dalai Lama) ရဲ့ရုံးမှာသုံးတဲ့ ကွန်ပျူတာတွေထဲက သတင်းအချက်အလက်တွေကို တရုတ်အစိုးရ ရနေပုံရတယ်လို့ အဝေးရောက် တိဘက်အစိုးရက ပြောလိုက်တာပါ။ အခုလို တရုတ်ဘက်က အဆင့်မြင့်နည်းပညာတွေသုံးပြီး နိုင်ငံတကာက ကွန်ပျူတာတွေထဲ ထိုးဖောက်ဝင်ရောက် ထောက်လှမ်း နေပုံရတာနဲ့ ပတ်သက်လို့ ဗွီအိုအေ တောင်အာရှဗျူရိုက သတင်းထောက် စတိဖ် ဟားမန်း (Steve Herman) သတင်းပေးပို့ ထားတာကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

အိန္ဒိယအခြေစိုက် ပြည်ပရောက် တိဘက်လှုပ်ရှားမှုအဖွဲ့တွေရဲ့ ကွန်ပျူတာတွေမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေကြောင့် အရမ်းကို ကျယ်ပြန့်တဲ့ အင်တာနက်သူလျှိုလုပ်ငန်းတွေကို ဖော်နိုင်ခဲ့တာဖြစ်တယ်လို့ အင်တာနက်လုံခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူတွေက ပြောကြားလိုက်ပါတယ်။ ဒီ အင်တာနက်သူလျှိုလုပ်ငန်း အရင်းခံဇစ်မြစ်ဟာ တရုတ်နိုင်ငံကဖြစ်တယ်လို့ ဆိုနေကြပါတယ်။

Ghost Net လို့ခေါ်တဲ့ အင်တာနက်သူလျှိုကွန်ယက်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ အစိုးရတွေ၊ သံရုံးတွေ၊ နေတိုးအဖွဲ့၊ သတင်း မီဒီယာတချို့နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ပိုင်တဲ့ ကွန်ပျူတာ ၁,၀၀၀ ကျော်ကို ဝင်ပြီး သတင်းအချက်အလက်တွေ ယူနိုင်ခဲ့တယ်လို့ ဗြိတိန်၊ အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေက ပညာရေးအဖွဲ့အစည်းတွေရဲ့ သုတေသနလုပ်သူတွေက ပြောကြားလိုက်ပါတယ်။

အင်တာနက်ကနေ အခုလိုမျိုး သူလျှိုလုပ်ပြီး သတင်းတွေယူနေတာကို ပထမဆုံးအကြိမ် တွေ့တာကတော့ တိဘက် ဘုန်းတော်ကြီး ဒလိုင်းလားမား နေထိုင်တဲ့ အိန္ဒိယနိုင်ငံမြောက်ပိုင်းက ဒါရမ်ဆလာ တောင်ပေါ်မြို့လေးမှာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်ပရောက် တိဘက်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ သပ်ဘ်တန် ဆမ်ဖဲလ် (Thubten Samphel) က အခုလို ပြောကြားလိုက်ပါတယ်။

“ကျနော်တို့ရဲ့ ကွန်ပျူတာတွေထဲမှာ ဗိုင်းရပ်စ်တွေ ထည့်ထားခံရတာကို ကျနော်တို့ ရင်ဆိုင်နေရပါတယ်။ ကျနော်တို့ ကွန်ပျူတာထဲမှာရှိတဲ့ လျှို့ဝှက်တဲ့ သတင်းအချက်အလက်တွေရော၊ သာမန်သတင်းအချက်အလက်တွေကိုပါ တခြား နေရာ တွေကို ဒီကွန်ပျူတာဗိုင်းရပ်စ်တွေကနေ ပေးနေတာကို ကျနော်တို့ ကြုံတွေ့နေရပါတယ်။ ကွန်ပျူတာဗိုင်းရပ်စ်တွေ ရှိနေ တာကြောင့် ကျနော်တို့ရဲ့ ကွန်ပျူတာတွေလည်း ပုံမှန် မလည်ပတ်ဘဲ ဖြစ်နေပါတယ်။”

တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ ဖိတ်ကြားချက်ကို လက်ခံရရှိတဲ့ နိုင်ငံခြားသံတမန်တဦးကို တရုတ်အစိုးရက တိဘက်ဘုန်းတော်ကြီးနဲ့ မတွေ့ဖို့ သတိပေးခြင်းခံရတယ်ဆိုတာကို တိဘက်လူမျိုးတွေ သိလိုက်ရတဲ့အချိန်ကစပြီး အင်တာနက် သူလျှိုလုပ်ငန်း တရုတ်နိုင်ငံနဲ့ ပတ်သက်နေတယ်ဆိုတာ သိလာတာဖြစ်ပါတယ်။

ဒီ အင်တာနက်သူလျှိုလုပ်ငန်းကို တရုတ်အစိုးရက လုပ်နေတယ်ဆိုတာတော့ သက်သေအထောက်အထား မရှိဘူးလို့ ပြည်ပရောက် တိဘက်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆမ်ဖဲလ်က ပြောပါတယ်။ ဒါပေမယ့် ဘယ်သူပဲဖြစ်ဖြစ် ဒလိုင်းလားမား ရဲ့ ကွန်ပျူတာထဲကနေ သတင်းအချက်အလက်တွေကို ထိထိရောက်ရောက် အရယူနိုင်ခဲ့တာဖြစ်လို့ အရမ်း ကို အောင်မြင်တယ်လို့ ပြောရမှာဖြစ်ပါတယ်လို့ သူက ဆက်ပြီး ပြောသွားပါတယ်။

“အတတ်ပညာကို လွဲမှားစွာအသုံးပြုနေတာက စိုးရိမ်စရာ ကောင်းပါတယ်။ နောက်ထပ် စိုးရိမ်စရာအချက်ကတော့ ဒီလို လုပ်နေတာတွေဟာ ကျင့်ဝတ်သိက္ခာနဲ့ မကိုက်ညီတာ ဖြစ်ပါတယ်။”

အင်တာနက်သူလျှိုလုပ်ငန်းဟာ ကွန်ပျူတာထဲမှာရှိတဲ့ အချက်အလက်တွေနဲ့ အီးမေးလ်တွေကိုတင် ရှာနိုင်တာမဟုတ်ဘဲ သူလျှိုလုပ်တာကို ခံနေရတဲ့ ကွန်ပျူတာနဲ့ တခန်းထဲမှာ အင်တာနက်နဲ့ သုံးနေတဲ့ ဗီဒီယိုကင်မရာတွေနဲ့ မိုက်ကရိုဖုန်းတွေကို အသုံးပြုပြီး စကားပြောနေတဲ့ အကြောင်းအရာတွေကိုပါ ထောက်လှမ်းထားနိုင်တယ်လို့ ကနေဒါက လေ့လာ စုံစမ်း စစ်ဆေးသူတွေက ဆိုပါတယ်။

ကိန်းဘရစ်ချ်တက္ကသိုလ်က သီးခြားထုတ်ပြန်တဲ့ အစီရင်ခံစာတခုကလည်း အခုလို ကနေဒါ ဘက်က ပြောဆိုတာကို သဘောတူထားပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က စခဲ့တဲ့ အင်တာနက်ကွန်ယက် တိုက်ခိုက်မှုအားလုံးနီးပါးဟာ တရုတ်နိုင်ငံက အစပြုတာ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

လေ့လာသူတွေဘက်က အခုလို စွပ်စွဲပြောဆိုနေတာတွေဟာ တရုတ်နိုင်ငံကို ခြိမ်းခြောက်မှုလို့ မြင်လာအောင် အနောက် နိုင်ငံတွေဘက်က နိုင်ငံရေးအရ လုပ်ဆောင်တာသာဖြစ်တယ်လို့ တရုတ်သတင်းမီဒီယာတွေက ချေပပြောဆိုလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG