သုံးရလွယ်ကူစေသည့် Link များ

နာဂစ် ပြန်လည် ထူထောင်ရေး အရေးပေါ်အကူအညီ ကုလသမဂ္ဂ တောင်းခံ


ဆိုင်ကလုန်းနာဂစ်ဒဏ် ခံခဲ့ရတဲ့ ဒေသတွေက ပြည်သူတွေအနေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့ နိုင်ငံ တကာရဲ့ အကူအညီကို သိသိသာသာ လိုအပ်နေတုန်းပဲလို့ ကုလသမဂ္ဂရဲ့ ကျောထောက်နောက်ခံပေးမှုနဲ့ မြန်မာနိုင်ငံ ကို အကူအညီပေးနေတဲ့အဖွဲ့က နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆိုလိုက်ပါတယ်။

ဆိုင်ကလုန်းနာဂစ်လို အလားတူ သဘာ၀ ဘေးအန္တရာယ်ဒဏ်ကို ခံခဲ့ရတဲ့ ဒေသတွေက အတွေ့အကြုံတွေအရ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ နှစ်ပေါင်းများစွာ အချိန်ယူရတယ်ဆိုတာကို တွေ့ရှိခဲ့ရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု ကူညီထောက်ပံ့ရေး မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ဘစ်ရှိုး ပါရာဂျူလီ (Bishow Parajuli) က ပြောပါတယ်။

၂၀၀၄ ခုနှစ်က အိန္ဒိယသမုဒ္ဒရာမှာ ဖြစ်ပေါ်ခဲ့တဲ့ ဆူနာမီရေလှိုင်းဒဏ်အတွက် ပေးနေတဲ့ အကူအညီတွေ အခုမှ စတင်ပြီး တဖြည်းဖြည်း ပြန်လည် ရုပ်သိမ်းနိုင်တဲ့အကြောင်း သူက ပြောပါတယ်။

ဒါကြောင့် နာဂစ်မုန်တိုင်းလွန် ပြန်လည်ထူထောင်ရေး သုံးပွင့်ဆိုင်အဖွဲ့က ချမှတ်ထားတဲ့ အခြေခံ သဘောတူညီချက်နဲ့အညီ နာဂစ်မုန်တိုင်းလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်း ၃ နှစ် စီမံကိန်းအတွက် နိုင်ငံတကာရဲ့ ရေတို၊ ရေရှည် အကူအညီတွေ အရေးပေါ် လိုအပ်တယ်လို့ ဆိုပါတယ်။ ဒီ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက်တော့ အမေရိကန်ဒေါ်လာ သန်း ၇၀၀ လောက် လိုအပ်မယ်လို့ ခန့်မှန်းထားပါတယ်။

အထူးသဖြင့်တော့ နောက်တလလောက်အတွင်းမှာ မိုးရာသီ ကျရောက်တော့မှာဖြစ်တာကြောင့် မုန်တိုင်းဒဏ် ခံခဲ့ရသူတွေ အတွက် နေထိုင်စရာနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် အရေးပေါ်အကူအညီ ရန်ပုံငွေ လိုအပ်တယ်လို့ ဆိုပါတယ်။ နာဂစ် မုန်တိုင်း ကယ်ဆယ်ရေးဆိုင်ရာ လိုအပ်တဲ့ အကူအညီရရှိဖို့ အလှူရှင်များ ညီလာခံတခု အခုပတ်တွင်း ရန်ကုန်မြို့မှာ ကျင်းပ ဖို့ ကုလသမဂ္ဂက စီစဉ်နေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG