သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်နဲ့ ပါကစ္စတန် ပဋိပက္ခ အရပ်သားတွေ ခါးစည်းခံနေရ


ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန် နိုင်ငံတွေမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ တိုက်ခိုက်မှုတွေ ပိုဆိုးလာနေတာကြောင့် အရပ်သားပြည်သူတွေ ဒီဒဏ်တွေကို ခါးစည်းခံနေရတယ်လို့ ICRC နိုင်ငံတကာကြက်ခြေနီအဖွဲ့က ပြောပါတယ်။ ဒီအကြောင်း ICRC ရုံးချုပ်ရှိရာ ဂျနီဗာမြို့ကနေ လီဆာ ရှလိုင်း (Lisa Schlein) သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာ တိုက်ပွဲတွေပြင်းထန်လာနေပြီး တိုင်းပြည်အတွင်းက တခြားဒေသတွေကိုပါ ကူးစက်မှုကလည်း တဖြည်းဖြည်း ကျယ်ပြန့်လာနေတယ်လို့ ICRC က ပြောပါတယ်။ နောက် ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းဒေသမှာ လုံခြုံရေးအခြေအနေတွေ မတည်မငြိမ် ဖြစ်နေတာကြောင့်လည်း အရပ်သားပြည်သူတွေဟာ အဲဒီ ဆိုးရွားတဲ့ဒဏ်တွေကို ခါးစည်းခံနေကြရတယ်လို့ ဆိုပါတယ်။

အခြေအနေတွေဟာ ဒီထက်ပိုဆိုးလာနိုင်တယ်လို့ ICRC တောင်အာရှ လုပ်ငန်းစဉ်ဆိုင်ရာ အကြီးအကဲ ယတ်က် ဒီမိုင်းအိုး (Jacques de Maio) က ပြောပါတယ်။

“ဒီတိုက်ပွဲတွေကြောင့် သေဆုံးခဲ့တဲ့ အရပ်သားတွေ အများအပြားရှိသလို ခြေပြတ်လက်ပြတ် ဖြစ်ခဲ့သူတွေ၊ ညှဉ်းပန်းနှိပ်စက် ခံခဲ့ရသူတွေ၊ ဒဏ်ရာရခဲ့သူတွေဟာလည်း စစ်ဖြစ်နေတာကြောင့် ဆေးကုသမှု မရခဲ့ကြဘူး။ အရပ်သားတွေ ထိခိုက်မှု နည်း နိုင်သမျှနည်းအောင်၊ ထိခိုက်ဒဏ်ရာရသူတွေ ထိုက်တန်တဲ့ ဆေးကုသမှုတွေ ပေးနိုင်အောင်၊ ဖမ်းဆီးရမိသူတွေကို လူသား ဆန်စွာ ညီတူညီမျှ ဆက်ဆံအောင် နှစ်ဖက်စလုံးက ပြုလုပ်ကြဖို့ လုံး၀ လိုအပ်ပါတယ်။”

အာဖဂန်နဲ့ ပါကစ္စတန် နယ်စပ်ဒေသတွေမှာ ခိုအောင်းနေကြတဲ့ အယ်လ်ကိုင်းဒါးတပ်ဖွဲ့ဝင်တွေကို နှောင့်ယှက် ဖြိုခွင်းပြီး အပြီးသတ် ချေမှုန်းနိုင်မယ့် ဗျူဟာသစ်ကို အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barak Obama) က မကြာခင် ရက်ပိုင်းအတွင်းကပဲ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် အာဖဂန်နိုင်ငံကို အမေရိကန်တပ်သား ၂၁,၀၀၀ ထပ်ပို့ဖို့လည်း အမေရိကန် က စီစဉ်နေပါတယ်။

အာဖဂန်မှာ အရပ်သားတွေ အများအပြား သေဆုံးနေတာဟာ အမေရိကန် ပေါ်လစီတွေကြောင့် ဖြစ်တယ်လို့ ဝေဖန်သူ တွေက ထောက်ပြ ပြောဆိုနေကြပါတယ်။ ဒါပေမဲ့ အခုလို အရပ်သားတွေ အသေအပျောက်များတာဟာ တာလီဘန် တပ်ဖွဲ့ တွေက အရပ်သားတွေကို ကြားခံအဖြစ် အသုံးပြုနေတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ အမေရိကန်ဘက်က ပြန်လည် ချေပ ပါတယ်။

ICRC တောင်အာရှဒေသ လုပ်ငန်းစဉ်ဆိုင်ရာ အကြီးအကဲ ဒီမိုင်းအိုးကတော့ သန့်ရှင်း အပြစ်ကင်းတဲ့ စစ်ပွဲဆိုတာ မရှိပါဘူး တဲ့။ ဒါပေမဲ့ ဒီစစ်ပွဲတွေကို ဘယ်လိုတိုက်ခိုက်သင့်တယ်ဆိုတဲ့ နိုင်ငံတကာ စံချိန်စံညွှန်းတွေ ရှိနေပါတယ်လို့ ပြောပါတယ်။

“အဲဒီမှာ တိုက်ပွဲတွေ ဖြစ်နေတယ်ဗျာ။ လက်နက်ကိုင် အကြမ်းဖက်တိုက်ပွဲတွေ ဖြစ်ပွားနေပေမယ့် အရပ်သားတွေ အခုလို အဆမတန် ထိခိုက်သေကျေနေတာ လျော့ကျအောင် လုပ်လို့ရပါတယ်။ ဒါကြောင့် စစ်ဖြစ်နေတဲ့နေရာ၊ တိုက်ပွဲတွေ ဖြစ်နေ ရာကနေ အရပ်သားတွေကို အကာအကွယ်ပေး၊ ခွဲခြားထုတ်ဖယ်ပစ်လိုက်ရင် ကျနော်တို့ စိုးရိမ်ပူပန်နေတဲ့ ဒီအရပ်သားတွေ ထိခိုက်မှု လျော့ကျလာပါလိမ့်မယ်။”

အခုလို တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် မိမိနေရပ်ကို စွန့်ခွာထွက်ပြေးလာကြတဲ့ ပါကစ္စတန်နိုင်ငံသား သောင်းနဲ့ချီ ရှိ တယ်လို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က ပြောပါတယ်။ လွန်ခဲ့တဲ့နှစ်အတွင်း နယ်တွေမှာရှိတဲ့ ICRC ဆေးရုံတွေကို လာ ရောက် ဆေးကုကြတဲ့ လူနာအရေအတွက်ဟာ ၅၀% အထိ တိုးလာတယ်လို့ ဆိုပါတယ်။

အခုလို တိုးလာနေတဲ့ လူနာအရေအတွက်နဲ့အညီ ဆေးဝါးကုသမှုတွေ လုံလုံလောက်လောက် ပေးနိုင်အောင် ပါကစ္စတန် မှာ ရှိတဲ့ ICRC ရဲ့ ဘတ်ဂျက်ကို ၄၆ သန်းအထိ ၂ ဆတိုးလိုက်ပြီး ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်ကို ကယ်ဆယ် ကူညီရေး လုပ်သားတွေ တိုးပြီး ပို့ထားတယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG