သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့စားနပ်ရိက္ခာ ဖူလုံရေး အီးယူ ယူရို ၂၄ သန်း ထောက်ပံ့


လူသားချင်းစာနာထောက်ထားတဲ့ ကူညီမှုအဖြစ် စားနပ်ရိက္ခာ လုံလောက်စေဖို့ အီးယူ ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို ယူရိုငွေ သန်းပေါင်း ၂၄ သန်းကျော် ပေးအပ်လိုက်ပါတယ်။ ကမ္ဘာတဝန်းက ဖွံ့ဖြိုးမှုနိမ့်ကျနေတဲ့ နိုင်ငံတွေကို အီးယူက အကူအညီတွေ ပေးအပ်တဲ့အထဲ မြန်မာနိုင်ငံလည်း အခုလို အကူအညီတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။ အခုနောက်ဆုံး အီးယူရဲ့ အကူအညီပေးရေး အစီအစဉ်နဲ့ ပတ်သက်လို့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ကမ္ဘာတဝန်းမှာရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အစားအစာဖူလုံရေး စီမံကိန်းတွေမှာ အသုံးပြုနိုင်ဖို့ အီးယူ ဥရောပသမဂ္ဂက ယူရိုငွေ သန်းပေါင်း ၁,၀၀၀ လျာထားတဲ့အထဲက သန်းပေါင်း ၃၁၄ သန်းကို ပထမဆုံး ခွဲဝေပေးတဲ့နေရာမှာ မြန်မာနိုင်ငံ လည်း ပါဝင်ခဲ့တာပါ။ ဖွံ့ဖြိုးဆဲနိုင်ငံ အများအပြား ရင်ဆိုင်လာနေရတဲ့ စားနပ်ရိက္ခာ မလုံလောက်တဲ့ ပြဿနာကို တုံ့ပြန်တဲ့ အနေနဲ့ နိုင်ငံပေါင်း ၅၀ က စိုက်ပျိုးရေးလုပ်ငန်း အပါအဝင် စားနပ်ရိက္ခာထုတ်လုပ်တဲ့ စီမံကိန်းတွေအတွက် အီးယူက အခုလို အစီအမံတွေ ပြုလုပ်ထားတာပါ။ ဒီအထဲကမှ အဆိုးရွားဆုံး အခြေအနေတွေ ကြုံနေရတဲ့ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၂၃ နိုင်ငံကို အကူအညီတွေ ပေးအပ်ခဲ့တာလို့ ဆိုပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က အီးယူ ကိုယ်စားလှယ် ရုံးရဲ့ ပြန်ကြားရေးအရာရှိတဦးဖြစ်တဲ့ ဆူဗီ ဆပ်ပါလိုင်နန် (Suvi Seppalainen) ကတော့ …

“အခုဆိုရင် ယူရိုငွေ ၃၁၄ သန်းကို နိုင်ငံပေါင်း ၂၃ နိုင်ငံအတွက် ခွဲဝေပေးလိုက်ပါပြီ။ ဒီအထဲမှာ မြန်မာနိုင်ငံလည်း အပါအဝင် ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ကတော့ စုစုပေါင်း ၂၄.၄ သန်း ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံက လူတွေ အတွက်ကိုတော့ ကုလသမဂ္ဂရဲ့ UNOP ရုံးတွေကတဆင့် ပေးသွားမှာဖြစ်ပါတယ်။” လို့ ပြောသွားပါတယ်။

ကမ္ဘာနဲ့အဝန်း စားနပ်ရိက္ခာ မလုံလောက်တဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာပဲ ဥရောပပါလီမန်နဲ့ ဥရောပကောင်စီတို့က ယူရို သန်း ၁,၀၀၀ အကူအညီတွေ ပေးသွားဖို့ ဆုံးဖြတ်ထားခဲ့တာပါ။ အခုနှစ် စတင် အကောင်အထည် ဖော်မယ့် ၃ နှစ်ကြာ ဒီစီမံကိန်းတွေဟာ မကြာခင်ဘဲ အကောင်အထည် ဖော်နိုင်တော့မယ်လို့ ဘန်ကောက်မှာရှိတဲ့ အီးယူကိုယ်စားလှယ်ရုံးက ပြောပါတယ်။

“ဒီရက်ပိုင်းတွေအတွင်းမှာပဲ ဒီထောက်ပံ့ငွေတွေကို အတည်ပြု ချပေးတော့မှာဖြစ်တာမို့ သိပ်မကြာခင်ဘဲ အကောင်အထည် ဖော်တာတွေ လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။ အခုသဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးတာနဲ့ အစီအစဉ်အတိုင်း လုပ်ငန်းတွေလည်း စနိုင်တော့မှာ ဖြစ်ပါတယ်။”

ဘန်ကောက်မြို့က အီးယူ ကိုယ်စားလှယ်ရုံး ပြန်ကြားရေးအရာရှိ တဦးဖြစ်တဲ့ ဆူဗီ ဆပ်ပါလိုင်နန် ပြောပြသွားတာ ဖြစ်ပါ တယ်။

ဒီစီမံကိန်းတွေထဲမှာတော့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတွေလို၊ အသေးစားချေးငွေတွေ၊ စိုက်ပျိုးရေးလုပ်ငန်း အတွက် သင်တန်းတွေ အပါအဝင် စားနပ်ရိက္ခာ ထုတ်လုပ်မှုနဲ့ ဆက်နွယ်တဲ့ လုပ်ငန်းတွေကို ထောက်ပံ့ပေးသွားဖို့တွေ ပါဝင်မယ်လို့လည်း ပြောပါတယ်။ တကယ်တော့ မြန်မာနိုင်ငံဟာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်တဲ့ နိုင်ငံတနိုင်ငံဖြစ်ပေမယ့် စားနပ်ရိက္ခာ ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံတနိုင်ငံအဖြစ် ကျွမ်းကျင်သူတွေက သတ်မှတ်ထားကြတာပါ။

မြန်မာနိုင်ငံ စိုက်ပျိုးမြေတွေရဲ့ ထက်ဝက်ကျော်ဟာ လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်ကြလို့ ပြည်တွင်းစားသုံးမှုအတွက် ဖူလုံ တယ်ဆိုပေမယ့် ခြောက်သွေ့တဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ တောင်တန်းဒေသတွေမှာ စားနပ်ရိက္ခာ ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရတာတွေ ရှိနေတယ်လို့လည်း ကုလသမဂ္ဂက ပြောဆိုထားတာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ် မေလထဲတုန်းက အဓိက ဆန်စပါးစိုက်ရာ ဒေသဖြစ်တဲ့ မြစ်ဝကျွန်းပေါ်ဒေသမှာ နာဂစ်ဆိုင်ကလုန်း လေဘေးသင့်ခဲ့လို့ လုပ်ငန်းတွေ ထိခိုက်ရတဲ့အတွက်လည်း စားနပ်ရိက္ခာ ပြဿနာနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်မှုတွေ ထပ်ပြီးပေါ်ပေါက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG