ပါကစ္စတန်အလယ်ပိုင်းက ရဲသင်တန်းကျောင်းတခုကို သူတို့တိုက်ခိုက်ခဲ့တာ ဖြစ်တဲ့အကြောင်း တာလီဘန်တွေက ပြောလိုက်ပါတယ်။
ရဲတပ်သားသစ် ၈ ဦး သေဆုံးခဲ့ရတဲ့ တနင်္လာနေ့က လာဟိုးမြို့တိုက်ခိုက်မှုကို သူ ကြိုးကိုင်စီစဉ်ခဲ့တာ ဖြစ်တဲ့အကြောင်း ပါကစ္စတန် တာလီဘန်ခေါင်းဆောင် ဘိုင်တူလာ မာဆတ်ဒ် (Baitullah Mehsud) က ပြောပါတယ်။
ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန် နယ်စပ်ဒေသက လူမျိုးစုဒေသတွေမှာ တာလီဘန် လက်နက်ကိုင်တွေကို အမေရိကန်က မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်ခဲ့တာမှာ ပါကစ္စတန်အစိုးရက အထောက်အပံ့ ပြုခဲ့တာကို လက်တုံ့ပြန်တဲ့အနေနဲ့ အခုလို တိုက်ခိုက်တာ ဖြစ်တဲ့အကြောင်း အင်္ဂါနေ့မှာ သတင်းဌာနတွေကို မာဆတ်ဒ်က ဖုန်းနဲ့ပြောခဲ့ပါတယ်။
သူ့ကိုဖမ်းမိရင် ဒေါ်လာ ၅,၀၀၀,၀၀၀ ချီးမြှင့်မယ်လို့ အမေရိကန်က ဆုငွေထုတ်ထားတာကိုလည်း သူက ပယ်ချလိုက်ပါ တယ်။ နောက်ထပ်တိုက်ခိုက်မှုတွေ ဆက်လုပ်ဦးမယ့်အကြောင်းနဲ့ အမေရိကန်ပြည်ထောင်စုဟာ ပစ်မှတ်တခု ဖြစ်နိုင်တယ် လို့လည်း ပြောလိုက်ပါတယ်။
အမေရိကန်ကို တိုက်ခိုက်မှုတခု မကြာခင်မှာ လုပ်မယ့်အကြောင်းနဲ့ တကမ္ဘာလုံး အံ့အားသင့်သွားစေရမယ်လို့ မာဆတ်ဒ်က အေပီသတင်းဌာနကို ပြောပါတယ်။