သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် ပြန်ထူထောင်ရေး The Hague ညီလာခံ တိုက်တွန်း


နိုင်ငံနဲ့ အဖွဲ့အစည်း ၈၀ ကျော်က ကိုယ်စားလှယ်များ တက်ရောက်ကြတဲ့ The Hague မြို့က အာဖဂန်နစ္စတန်ဆိုင်ရာ ကွန်ဖရင့်က စစ်ဒဏ်ခံနေရတဲ့ အာဖဂန်နစ္စတန် ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာနဲ့ ဒေသ ပူးပေါင်းဆောင်ရွက်ရေး အရေးကြီးကြောင်း မီးမောင်းထိုးပြလိုက်ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာ လုံခြုံရေး၊ စီးပွားရေးနဲ့ နိုင်ငံရေး တိုးတက်ရေးအတွက် ပူးတွဲလုပ်ဆောင်ကြရေး အင်္ဂါနေ့မှာ ကွန်ဖရင့်တက်ရောက်သူများက သဘောတူလိုက်ကြပါတယ်။ အဲဒီလိုမလုပ်နိုင်ရင် နိုင်ငံတကာကို ထိခိုက်စေလိမ့်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က သတိပေးသွားပါတယ်။

တာလီဘန်သူပုန်တွေအနေနဲ့ တိုက်ခိုက်မှုရပ်စဲ၊ အစွန်းထွက်မှုကို ရှုတ်ချ၊ အာဖဂန်ဖွဲ့စည်းပုံကို လက်ခံကြမယ်ဆိုရင် ပြန်လည်လက်ခံ သင့်မြတ်ကြဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဖဂန်သမ္မတ ဟာမစ်ဒ် ကာဇိုင်း (Hamid Karzai) တို့က ကမ်းလှမ်းလိုက်ပါတယ်။

မိမိတို့နိုင်ငံဟာ လမ်းဆုံကိုရောက်နေပြီမို့ အာဖဂန်နစ္စတန်နိုင်ငံရဲ့ လုံခြုံရေးတပ်ဖွဲ့များ တည်ဆောက်ရေးမှာ နိုင်ငံတကာက ကူညီကြပါ၊ အဲဒီလို ကူညီခြင်းဟာ အကြမ်းဖက်မှု အန္တရာယ်ကို စရိတ်အသက်သာဆုံးနဲ့ အသေချာဆုံး တိုက်ခိုက်နည်းပဲလို့ အာဖဂန်သမ္မတ ကာဇိုင်းက ထောက်ပြ ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG