သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မကွေးမြို့ ဝမ်းရောဂါကြောင့် လူအများအပြား ဆေးရုံတက်


မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးမြို့မှာ ဒီရက်ပိုင်းအတွင်း ဝမ်းရောဂါ ဖြစ်ပွားလို့ ကလေးရော လူကြီးပါ အများအပြား ဆေးရုံတင် ကုသမှုခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလို ဝမ်းရောဂါဖြစ်သူတွေထဲမှာ ကာလဝမ်း ရောဂါ ကူးစက်ခံရသူတွေပါ ပါဝင်နေတယ်လို့လည်း ဆေးရုံ အသိုင်းအဝန်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ ဒေသခံတွေ ကျန်းမာရေး အာဏာပိုင်တွေက ဒီကိစ္စနဲ့ ပတ်သက်လို့ ဘာပြောသလဲဆိုတာ ကိုအောင်လွင်ဦး က စုံစမ်းထားပါတယ်။

ကာလဝမ်းရောဂါလို့ ယူဆရတဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါတရပ် ကူးစက်ပျံ့နှံ့ခဲ့လို့ ဒီရက်ပိုင်းအတွင်း မကွေးမြို့မှာ ကလေး လူကြီး (၁၀၀) လောက်အထိ ဆေးရုံတင် ကုသခံနေရတယ်လို့ ကျန်းမာရေးအသိုင်းအဝန်းက အမည်မဖော်လိုတဲ့ ဆရာဝန် တယောက်က ပြောပြတာပါ။ ဝမ်းရောဂါကြောင့် ကလေးငယ် ၇၀ လောက်နဲ့ လူကြီး ၂၀ လောက်ဟာလည်းပဲ ဆေးရုံတင် ကုသခဲ့ရပြီး ဒီအထဲက ကလေး ဆယ်ယောက်ကျော်နဲ့ လူကြီး ၄ ယောက်မှာ ကာလဝမ်းရောဂါပိုး တွေ့ရှိခဲ့တယ် လို့လည်း သူက ဆိုပါတယ်။ မကွေးမြို့ခံ တယောက်ကတော့ အခုဖြစ်ခဲ့တဲ့ ဝမ်းရောဂါဟာ မကွေးမြို့က နာမည်ကြီး မြသလွန် ဘုရား အနီး နေထိုင်သူတွေကြားက စပြီးဖြစ်ပွားတာလို့ ပြောပြပါတယ်။
“ မကွေးမြို့ဟောင်းဘက်မှာ တော်များများ ဖြစ်နေတယ်ဆိုတာ သိလိုက်တယ်။ နောက်ရပ်တွေမှာ ဆက်မမေးဖြစ်ဘူး။ မြို့ဟောင်းက မြသလွန်သွားတဲ့ လမ်းမှာ။”

မကွေးမြို့က ဝမ်းရောဂါ စဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ မြို့ခံတယောက် ပြောပြသွားတာပါ။ ဒါပေမဲ့ ရောဂါဖြစ်ပွားမှု အတိုင်းအတာနဲ့ ပတ်သက်လို့ ဘယ်လောက်အထိ ဖြစ်နေတယ်ဆိုတာတော့ ဒေသခံတွေ ကိုယ်တိုင်လည်း တိတိကျကျ မသိရဘူးလို့ ဆိုပါတယ်။ ဒီအတွက် မကွေးတိုင်း ကျန်းမာရေးဦးစီးဌာနရုံးကို ဆက်သွယ် မေးမြန်းကြည့်ပါသေးတယ်။

“Voice of America ကလား။ ကျွန်တော်တို့ အဲဒီ အသံလွှင့်ဌာနဆိုရင်တော့ ဝမ်းရောဂါ ဖြစ်ပွားမှုသတင်းကို တိုင်းမှူး သာလျှင် ပေးပိုင်ခွင့် ရှိတယ်။ ကျွန်တော်တို့ ရုံးက ပေးပိုင်ခွင့် မရှိပါဘူး။ ဦးစီးမှူးက အခုချိန်ဆို ဘုန်းကြီးကျောင်း သွားပါ တယ်။ ၃နာရီလောက်မှ ကျွန်တော်တို့ကို ဆက်သွယ်ပါခင်ဗျာ။ ကျွန်တော်တို့က Technician လိုင်းမဟုတ်လို့ပါ ခင်ဗျာ”

မကွေးတိုင်း ကျန်းမာရေးဦးစီးဌာနရုံးက တာဝန်ကျ ဝန်ထမ်းတဦး ဖြစ်ပါတယ်။ သူပြောသလို ကျန်းမာရေးဦးစီးမှူးကို မေးမြန်းဖို့ ကြိုးစားပေမဲ့ ဆက်သွယ်လို့ မရတော့ပါဘူး။ တကယ်တော့ ဒီလို ဝမ်းရောဂါဖြစ်ပွားမှုဟာ သောက်သုံးရေ မသန့်ရှင်းတာ၊ တကိုယ်ရည် သန့်ရှင်းမှု မလုပ်နိုင်တာတွေက အခြေခံပြီး ဖြစ်လေ့ရှိတာပါ။ ဧရာဝတီမြစ်ရေကို အမှီပြုပြီး သုံးစွဲနေရတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်း မြို့တမြို့ဖြစ်တဲ့ မကွေးမြို့က ဝမ်းရောဂါ ဖြစ်ပွားနိုင်စရာ အခြေအနေတွေနဲ့ ပတ်သက်လို့ ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာန ကျန်းမာရေးဝန်ထမ်း တဦးပြောပြတာကတော့ -

“ဝမ်းရောဂါ က ရေတို့၊ အစားအသောက်တို့က ဖြစ်တာပါပဲ။ လူတွေ တကိုယ်ရေ သန့်ရှင်းမှု ညံ့ရင်လည်း ဖြစ်တယ်။ ကျွန်တော်တို့က မြစ်ရေ ဆည်ရေ စီမံကိန်းတွေ အောက်မှာ နေရတာပါ။”

မကွေးမြို့က ကျန်းမာရေးဝန်ထမ်းတဦးပါ။ လတ်တလော ဝမ်းရောဂါ ဖြစ်ပွားမှုတွေဟာ မကြာခင် သင်္ကြန်ကာလ ကျရောက်တဲ့ အချိန်မှာ လူအများ သွားလာဆက်ဆံမှုတွေ ရှိလာမှာဖြစ်တဲ့အတွက် ပိုမိုကူးစက်ပျံ့ပွားလာမှာကိုလည်း ကျန်းမာရေးဝန်ထမ်းတွေက ပူပန်နေကြတယ်လို့ ဆိုပါတယ်။ ကျန်းမာရေးအသိုင်းအဝန်းနဲ့ နီးစပ်သူ ဆရာဝန် ရဲ့ ပြောပြ ချက်အရကတော့ အခုလို လူအများအပြားကို ကူးစက်ပြီး ကာလဝမ်းရောဂါတွေ့ရတဲ့ အခြေအနေမျိုးအထိ ရောက်နေလို့ ကျန်းမာရေးဝန်ကြီးဌာနကလည်း သတိထား စောင့်ကြည့်သွားဖို့နဲ့ ကူးစက်ပျံ့ပွားမှုတွေ ဖြစ်လာခဲ့ရင် ချက်ခြင်း တုံ့ပြန်နိုင်ဖို့ ပြင်ဆင်ထားဖို့ ဒေသဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းတွေကို ညွှန်ကြားထားတယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ အခုလို ကူးစက်ရောဂါတရပ် ဖြစ်ပွားနေပေမဲ့ ဒေသခံတွေ အကြားမှာတော့ သတိပေးတာ၊ နှိုးဆော်တာမျိုး မတွေ့ရသေးဘူးလို့ လည်း မြို့ခံတွေက ဆိုကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG