သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေး မငြိမ်သက်မှုကြောင့် ထိုင်းစီးပွားဖွံ့ဖြိုးမှု ထိခိုက်


၂၀၀၉ ခုနှစ်အတွင်း ကျုံ့လာမယ်လို့ ခန့်မှန်းထားတဲ့ ထိုင်းနိုင်ငံစီးပွားရေးဟာ အခုရင်ဆိုင်နေရတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲကြောင့် ပိုပြီး အကျပ်အတည်းတွေ ရင်ဆိုင်လာရပါတယ်။ အခု နိုင်ငံရေး တိုက်ပွဲကြောင့် အစိုးရရဲ့ စီးပွားရေး နှိုးဆွမှု အစီအစဉ်တွေ နှောင့်နှေးသွားနိုင်တယ်လို့ နိုင်ငံရေး သုံးသပ်သူတွေနဲ့ စီးပွားရေး ပညာရှင်တွေကတော့ သတိ ပေးနေပါတယ်။ ဘန်ကောက်မြို့က Ron Corben သတင်းရေးသား ပေးပို့ထားတာကို - ကိုသားညွန့်ဦးက ပြောပြပါတယ်။

ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နဝပ်ကို ထောက်ခံကြသူတွေဟာ အဓိကကျတဲ့ အစိုးရ အဆောက်အအုံကို ဝိုင်းရံ ထားတာ တပတ်ရှိပါပြီ။ ဒီအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို တနေ့တနေ့ လူပေါင်း သုံးသောင်းလောက် လာရောက်ကြပြီး၊ အများစုကတော့ သူတို့သင်္ကေတ အကျီအနီ ဝတ်ဆင်ထားကြပါတယ်။ အခုဆန္ဒပြသူတွေဟာ ပြီးခဲ့တဲ့နှစ်တုန်းက သက်ဆင် ဆန့်ကျင်ရေးဆန္ဒပြသူတွေရဲ့ ၆လကြာ ဆန္ဒပြတဲ့ပုံစံကိုပဲ အတုယူ လုပ်ခဲ့ကြတာပါ။

ဆန္ဒပြသပိတ်စခန်းမှာဆိုလည်း မစ္စတာသက်ဆင်က သူ့ကိုထောက်ခံသူတွေကို ဗီဒီယိုလင့်ခ်ကနေ ညတိုင်း မိန့်ခွန်း ပြော ပါတယ်။ အခုလက်ရှိ ဝန်ကြီးချုပ် အဘီစစ် ဝိတ်ချာချီ၀ အနေနဲ့ ရွေးကောက်ပွဲ ပြန်လုပ်ပေးရေး တောင်းဆိုကြဖို့ သူက တိုက်တွန်းပါတယ်။

မစ္စတာသက်ဆင်နဲ့ ဆက်နွယ်တဲ့ အစိုးရအဖွဲ့ဟာ ထိုင်း ဖွဲ့စည်းပုံ ဥပဒေနဲ့ ညှိစွန်းတယ်ဆိုပြီး စွဲချက်တင် ဖြုတ်ချခံရပြီး နောက် အခု မစ္စတာ အဘီစစ် ရဲ့ ဒီမိုကရက်တစ် အစိုးရအဖွဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ အာဏာရလာတာပါ။ မစ္စတာသက်ဆင် ကိုယ်တိုင်ကတော့ ၂၀၀၆ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် အဖြုတ်ချ ခံလိုက်ရတာပါ။ သူဟာ ဒီနောက်တော့ အဂတိလိုက်စားမှု စွဲချက်တွေကို ရှောင်ဖို့ ပြည်ပကို တိမ်းရှောင်သွားပါတယ်။

အခု အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှု နောက်တပြန် ဖြစ်ပွားမှုဟာ ထိုင်းနိုင်ငံမှာ အဆိုးဆုံး စီးပွားရေး ရင်ဆိုင်နေရတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက သက်ဆင် ဆန်ကျင်ရေး ဆန္ဒပြသူတွေဟာ ဘန်ကောက် လေဆိပ်ကို စီးနင်းခဲ့တာကြောင့် ခရီးသွား လုပ်ငန်းတွေ နစ်နာပြီး စီးပွားရေးကို အတော်လေး ထိခိုက်စေခဲ့ပါတယ်။

အေဒီဘီ အာရှစီးပွားရေးဘဏ်ကတော့ ထိုင်းစီးပွားရေးဟာ အခုနှစ်အတွင်း ၂ ရာခိုင်နှုန်း ကျုံ့သွားမယ်လို့ ခန့်မှန်း ထားပါတယ်။ ဒါပေမဲ့ အေဒီဘီရဲ့ ထိုင်း နိုင်ငံဆိုင်ရာ ဒါရိုက်တာ Jean Pierre Verbiest ကတော့ နိုင်ငံရေး မတည်ငြိမ်မှု တွေကြောင့် အစိုးရရဲ့ ဒေါ်လာ ၃ ဘီလီယံတန်ဖိုး စီးပွားရေး နှိုးဆွမှု အစီအစဉ် နှောင်နှေးမှုတွေ ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

"ထင်သာမြင်သာ ရှိနေတာကတော့ ထိုင်းစီးပွားရေးရဲ့ အကျပ်အတည်းဟာ နိုင်ငံရေး ကိစ္စပါပဲ။ အခုအချိန်မှာ ခေါင်းဆောင် မှု ပိုင်းကို အဓိက အနှောက်အယှက်ပေးတာတွေဟာ အတော်လေးကို ပြင်းထန်သက်ရောက်မှုရှိပါတယ်။ နိုင်ငံရေး အခြေအနေကြောင့် အတွင်းမှာလည်း ဖွံ့ဖြိုးမှုနှုန်းဟာ ၄ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအထိ အလွယ်လေးကို လျျှောကျသွားနိုင်တယ်လို့ ခန့်မှန်းရပါတယ်။"

ထိုင်းနိုင်ငံဟာ စီးပွားဖွံဖြိုးမှုအတွက် ပြည်ပပို့ကုန်တွေကို အတော်လေး အားထားနေရတာပါ။ ဒါပေမဲ့ အခု ပြီးခဲ့တဲ့ ဆယ်စုနှစ်တခု အတွင်းမှာ အတော်လေး ပြည်ပပို့ကုန်တွေ ထိုးကျသွားပါတယ်။ အခုလို စီးပွားရေး ကျဆင်းမှုကြောင့် လူပေါင်း နှစ်သန်းလောက် အလုပ်အကိုင်တွေ ဆုံးရှုံးမယ်လို့ ခန့်မှန်းရပါတယ်။

အခု လက်ရှိ အစိုးရ ဖြုတ်ချခံရရင်တော့ သက်ဆင်လိုလားတဲ့ အတိုက်အခံပါတီ Pheu Thai ပါတီအတွက် အမြတ်ထွက်မှာပဲ လို့ ထိုင်းအစိုးရ အငြိမ်းစားထောက်ပံ့ ရန်ပုံငွေကြေးဆိုင်ရာ အကြီးအကဲ စီးပွားရေးပညာရှင် Arporn Chewrekrengkai က ပြောပါတယ်။

"အဲဒီလိုသာဆိုရင်တော့ ဘယ်သူ အစိုးရသစ်ဖြစ်လာမလဲဆိုတာ မသေမချာ အခြေအနေမို့ အခု စီးပွားရေး မူဝါဒတွေနဲ့ ကိုင်တွယ် ဖြေရှင်းမယ့် ကိစ္စတွေ အားလုံး နှောင့်နှေးသွားမှာပါ။ ရွေးကောက်ပွဲသစ်တခု လုပ်မယ်ဆိုရင် ငွေအများအပြား သုံးနိုင်တဲ့ Pheu Thai ပါတီက အနိုင်ရကောင်းရနိုင်ပါတယ်။"

အခုလက်ရှိ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေ အစိုးရ အဆောက်အဦးကို သိမ်းပိုက်ထားတဲ့ ကိစ္စ အဆုံးသတ်ဖို့နဲ့ နိုင်ငံရေး မငြိမ်သက်မှုကြောင့် စီးပွားရေး ထိခိုက်လာနိုင်တာတွေကို ကာကွယ်ဖို့ မစ္စတာသက်ဆင်နဲ့ ဆွေးနွေးနိုင်ရေး ပြင်ဆင်နေပြီလို့ အစိုးရကတော့ ပြောပါတယ်။ အခု ဆန္ဒပြမှုတွေဟာ အကြမ်းဖက်မှုတွှေအဖြစ် ပြောင်းသွားနိုင်ပြီး တိုင်းပြည်မှာ နိုင်ငံခြား ခရီးသွားတွေ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ထွက်သွားကုန်မယ့် အခြေအနေမျိုး ရောက်လာမှာကို နိုင်ငံရေး သုံးသပ်သူအချို့က စိုးရိမ်နေကြပါတယ်။

တကယ်တော့ ထိုင်းနိုင်ငံရေးဟာ မငြိမ်မသက်ဖြစ်ခဲ့တာ သုံးနှစ်ကျော်လာပါပြီ။ မစ္စတာ သက်ဆင်ဟာ လယ်သမားတွေနဲ့ အလုပ်သမား လူတန်းစားတွေကြားမှာ အတော်လေး ရေပမ်းစားနေချိန်မှာ လူလတ်တန်းစားနဲ့ အထက်တန်းလွှာ လူတန်းစားတွေကတော့ မစ္စတာသက်ဆင်ဟာ အဂတိ လိုက်စားမှုတွေ လုပ်တယ်ဆိုပြီး စွပ်စွဲခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG