သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ အင်တာနက်မရလို့ ဝန်ဆောင်မှုလုပ်ငန်း ထိခိုက်


မကြာသေးခင်ရက်တွေကစလို့ မြန်မာနိုင်ငံတွင်း သုံးစွဲနေတဲ့ အင်တာနက်လိုင်းမှာ နှေးကွေးမှုတွေ ကြုံနေကြရတာ ဒီကနေ့ အထိ ပြန်ကောင်းမလာနိုင်သေးလို့ အခုဆိုရင် အင်တာနက်နဲ့ ဆက်စပ်လုပ်ကိုင်နေရတဲ့ လုပ်ငန်းတွေမှာ အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ အင်တာနက်သုံးစွဲသူတွေက ပြောပါတယ်။ အင်တာနက် နှေးကွေးနေတာ ရက်သတ္တ၂ ပတ် နီးပါးလောက် ရှိလာတဲ့အချိန်မှာတော့ တချို့အင်တာနက်ဆိုင်တွေ ပိတ်ထားရတာ၊ တခြား အင်တာနက် အသုံးပြုနေရတဲ့ လုပ်ငန်းတွေမှာ လည်း အဆင်မပြေ ဖြစ်ရတာတွေနဲ့ ကြုံလာနေရတယ်လို့ ဆိုပါတယ်။ အကြောင်းစုံကို စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အင်တာနက် ဝန်ဆောင်မှုလုပ်ငန်း လုပ်နေတဲ့ မြန်မာတယ်လီပို့ က အသုံးပြုနေတဲ့ ဥရောပကနေ အာရှအထိ ဆက်သွယ်ထားတဲ့ SEA-ME-WE - 3 မြေအောက် အင်တာနက် ကေဘယ်လ်လိုင်းမှာ ပြင်ဆင်မှုတွေ လုပ်နေတာ မို့ မြန်မာနိုင်ငံတွင်းမှာ အင်တာနက် သုံးစွဲမှုတွေ နှေးကွေးနေတာပါ။ ပြီးခဲ့တဲ့လ ကတည်းက ကြုံနေရတဲ့ ဒီပြဿနာဟာ လကုန်ပိုင်းလောက်မှာ ပြင်ဆင်လို့ ပြီး သွားလိမ့်မယ်လို့ မြန်မာတယ်လီပို့က မျှော်လင့်ထားပေမဲ့ အဆင်မပြေမှုတွေနဲ့ တိုးခဲ့လို့ အခုထိ အင်တာနက် ဆက်သွယ်မှုတွေ ဆက်ပြီး နှေးကွေးနေရတာလို့ ကုမ္ပဏီဝန်ထမ်းတဦးက ပြောပါတယ်။

“ညီမတို့ အင်တာနက်ကွန်နက်ရှင် ရေအောက်မှာ ထားထားတဲ့ ဖိုင်ဘာ ကေဘယ်လ် က ဖြစ်တာ။ ညီမတို့က ၂၁ ရက်နေ့က စတာပါ။ ပထမတော့ ၂၁ ရက်နေ့ကနေ ၂၅ ရက်နေ့အထိကို Maintenance ကာလဆိုပြီး ကြေညာထားတာ။ ၂၅ ရက်ကျမှ မမျှော်လင့်နိုင်တဲ့ ပြင်ဆင်မှုဆိုင်ရာ အခက်အခဲတခုကြောင့် ၂၅ ကနေ ဧပြီ ၁ ရက်နေ့အထိ ပြန်ရွှေ့ရတာပါ။ ဧပြီ ၁ ရက်နေ့ကမှ တခါ ဧပြီ ၃ ရက်ကို ထပ်ရွှေ့ရတာ။ ဒီကြားထဲမှာ ထွက်ပေါ်လာတဲ့ အခြေအနေအရပ်ရပ်ကို အချက်အလက်တွေသိရင် တင်ပြသွားပါလိမ့်မယ်။”

ပြင်ဆင်မှုတွေဟာ ဧပြီလ ၃ ရက် သောကြာနေ့ ညနေပိုင်းမှာ ပြီးစီးလိမ့်မယ်ဆိုပြီးတော့ မြန်မာတယ်လီပို့က ထပ်ပြီး ကြေညာထားတာပါ။ ဒါပေမဲ့လည်း လတ်တလော ကြုံနေရတဲ့ အင်တာနက် နှေးကွေးမှုကြောင့် အခုဆိုရင် သုံးစွဲသူတွေ နည်းလာလို့ ပုဂ္ဂလိက အင်တာနက်ဆိုင်တချို့ ပိတ်ထားရတဲ့ အခြေအနေမျိုးအထိ ဖြစ်နေပါတယ်။

“ဟုတ်ကဲ့၊ ဆိုင်ပိတ်ထားပါတယ်၊ လိုင်းက သိပ်မကောင်းလို့။ သုံးလေးရက်လောက်ရှိပြီ၊ လိုင်းက လေးသွားတာ။ သုံးရတာ သိပ် အဆင်မပြေဘူး။ နည်းနည်းပါးပါးပဲ လာတယ်။ ဂျီတော့ခ်တို့ ဘာတို့ အဲဒီလောက်ပဲ ရတယ်။ လိုင်းလေးတယ်ပေါ့နော်။”

ရန်ကုန်မြို့က အင်တာနက်ဆိုင်ပိုင်ရှင်တဦး ပြောပြသွားတာ ဖြစ်ပါတယ်။

ဒီလိုပဲ အင်တာနက်ကို အမှီပြု အလုပ်လုပ်နေကြရတဲ့ လုပ်ငန်းတွေမှာ အခက်အခဲတွေနဲ့ ကြုံနေကြရပါတယ်။ အင်တာနက် ကတဆင့် သတင်းအချက်အလက် ယူနေရသူ စာနယ်ဇင်းသမားတွေလို၊ အီးမေးလ်ဆက်သွယ်မှုတွေနဲ့ လည်ပတ်နေကြတဲ့ ခရီးသွားလုပ်ငန်းတွေအဖို့ ဒီရက်ပိုင်းအတွင်း အင်တာနက် နှေးကွေးလွန်းတာမို့ ထိခိုက်မှုတွေနဲ့ ကြုံနေရတယ် လို့ ပြောကြ တာပါ။

“ဒီရက်ပိုင်း အင်တာနက် ဝက်ဘ်ဆိုက်တွေကိုတောင် ဖွင့်ကြည့်လို့ မရဘူး။ ဒေါင်းလုပ်ဆွဲချဖို့ဆိုရင်တော့ ပြောမနေနဲ့၊ ပိုဆိုး တယ်။ ကျနော်တို့ အခုလက်ရှိ သုံးနေရတဲ့ အနေအထားက ဂျီတော့ခ်လောက်ပဲ ရတယ်။ ဂျီတော့ခ်တောင်မှ နာရီဝက် တနာရီလောက်သုံးပြီးရင် တခါပြန်ပြီး ပြုတ်ပြုတ်ကျသွားလို့ ကွန်နက်ရှင် ပြန် ပြန် ချိတ်နေရတယ်။ ဝက်ဘ်ဆိုက်ဖွင့်တာ တွေ၊ အီးမေးလ်ပို့တာတွေ၊ ဒေါင်းလုပ်ဆွဲတာတွေတော့ တော်တော်ကို ဆိုးတယ်၊ မရဘူး။

“ကျနော်တို့ကတော့ သတင်းဂျာနယ်ပိုင်းဆိုတော့ နိုင်ငံတကာသတင်းတွေက update ဖြစ်အောင် အချိန်နဲ့အမျှ ကြည့်နေ၊ ဆွဲယူနေရတာတွေ လုပ်နေရတာ။ အခု အင်တာနက်နှေးတော့ သတင်းပိုင်းလေးတွေတော့ နည်းနည်း အခက်အခဲ ဖြစ်တာ ပေါ့။ ကျနော်တို့ထက် ပိုဆိုးတာက ဘောလုံးဂျာနယ်သမားတွေ ပိုဆိုးတယ်ကြားတယ်။ သူတို့တွေက ဘောလုံးပွဲတွေက အင်တာနက်ပဲ။ သူတို့ယူတဲ့ သုံးသပ်ချက်၊ ခန့်မှန်းချက်တွေကလည်း အင်တာနက်ကနေ ကြည့်ပြီး ယူရတာကိုး။”

“အဓိက ကျနော်တို့က မေးလ်တွေသုံးတော့ ဒုက္ခရောက်တာပေါ့ဗျာ။ ကျနော်တို့က အီးမေးလ်သုံးတယ်။ အင်တာနက် အခုလို ဖြစ်တော့ အဓိက မေးလ်တွေ ဝင်လို့ မရတာ၊ အဲဒါမျိုးတွေ ဖြစ်တာပေါ့။ ကျနော်တို့အလုပ်ကျတော့ တချို့မေးလ် တွေက urgent ဖြစ်တဲ့ဟာမျိုးတွေ ရှိတယ်လေ။ အဲဒါမျိုး အရေးတကြီး ပြန်ရတာ ရှိတာမျိုးတွေ၊ များသောအားဖြင့်တော့ မေးလ်နဲ့အလုပ်လုပ်တဲ့ဟာတွေက အခက်အခဲ ဖြစ်ကြတာပေါ့။”

မြန်မာနိုင်ငံမှာ အင်တာနက်သုံးစွဲမှုအပေါ် အစိုးရက ထိန်းချုပ်မှုတွေ၊ ကန့်သတ်မှုတွေ ရှိထားတာ၊ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ အင်တာနက် ဝက်ဘ်ဆိုက်မျိုးတွေ၊ ကိုယ်ပိုင် ဘလော့ဂ် စာမျက်နှာတွေကို ဆိုရင်လည်း ပိတ်ပင်ထားတာမျိုးတွေကလည်း ရှိနေတာပါ။ ၂၀၀၇ ခုနှစ် စက်တင်ဘာလ သံဃာတော်တွေရဲ့ မေတ္တာပို့ကြွချီတဲ့ လှုပ်ရှားမှု ကာလတုန်းကဆိုရင်လည်း အင်တာနက်ကတဆင့် သတင်းအချက်အလက်တွေ ပျံ့နှံ့ခဲ့တာမို့ အင်တာနက်လိုင်းတွေကို ပိတ်ပစ်တာမျိုးတွေလည်း ရှိခဲ့ပါ တယ်။ ဒါပေမဲ့လို့ အခုတကြိမ် အင်တာနက် နှေးကွေးနေတာကတော့ အရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်း၊ အနောက် ဥရောပ ဆက်သွယ်ထားတဲ့ မိုင်ပေါင်း ၂၄,၀၀၀ ကျော်ရှိ မြေအောက် အင်တာနက် ကေဘယ်လိုင်းရဲ့ ဘင်္ဂလား ပင်လယ် အောက်မှာ ရှိနေတဲ့ ဆက်သွယ်မှု တစိတ်တပိုင်းကို ပြုပြင်မွမ်းမံမှုတွေ လုပ်နေတာကြောင့်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG