သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ လူသတ်မိုင်း အသုံးပြုဆဲ


မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်ပွားနေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပြီး ဒီပြည်တွင်းစစ်အတွင်းမှာ မြေမြှုပ်မိုင်း အသုံးပြုနေတာတွေ ဆက်လက်ရှိနေဆဲမို့ ဒေသတွင်း မြေမြှုပ်မိုင်း အသုံးပြုကြတဲ့ နိုင်ငံတွေထဲက အဆိုးဆုံးနိုင်ငံတခုအဖြစ် မြန်မာနိုင်ငံကို မြေမြှုပ်မိုင်းပပျောက်ရေး လှုပ်ရှားသူတွေက ပြောဆိုလိုက်ကြပါတယ်။ ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ ၂ ရက် ကြာ ဆွေးနွေးပွဲမှာ ပါဝင်တက်ရောက်ကြသူ မိုင်းပပျောက်ရေး လှုပ်ရှားသူတွေက မြေမြှုပ်မိုင်းအသုံးပြုမှု တားဆီးရေး အတွက် မြန်မာနိုင်ငံမှာ အခုအချိန်အထိ အကောင်အထည် မဖော်နိုင်သေးဘူးလို့ ဝေဖန်လိုက်ကြပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

မကြာသေးခင်နှစ်တွေမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့တာ၊ နောက် မိုင်းအသုံးပြုမှု တားဆီးရေး နိုင်ငံတကာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးမထားတဲ့ အာရှ-ပစိဖိတ် ဒေသက နိုင်ငံပေါင်း ၁၆ နိုင်ငံထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်နေတာမို့ အခုလို ပြောဆိုလိုက်ကြတာပါ။ မိုင်းအသုံးပြုမှု တားဆီးရေး စာချုပ်ကို သဘောတူခဲ့ကြတဲ့ ၁၀ နှစ်ပြည့်အဖြစ် ဘန်ကောက်မြို့မှာ မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်း နိုင်ငံတွေက အစိုးရတာဝန်ရှိသူတွေ၊ မိုင်း ပပျောက်ရေး လှုပ်ရှားသူတွေ ပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ မြန်မာနိုင်ငံက ပဋိပက္ခမှုတွေမှာ ပါဝင်နေသူတွေ အားလုံး အနေနဲ့ မိုင်းအသုံးပြုနေတာတွေကို ရပ်ပြီး ရှိပြီးသား မိုင်းတွေကိုလည်း ရှင်းလင်းပစ်ဖို့၊ မိုင်းဒဏ်ခံခဲ့ရသူတွေကို အကူအညီ ပေးဖို့တွေကို တောင်းဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာက အစိုးရ လက်နက်ကိုင် တပ်ဖွဲ့တွေရော၊ အစိုးရကို ပုန်ကန်နေတဲ့ အဖွဲ့အစည်းတွေကရော မြေမြှုပ်မိုင်း တွေကို အသုံးပြုနေဆဲ ဖြစ်တာမို့ ပြီးခဲ့တဲ့နှစ်တွေအတွင်း မြေမြှုပ်မိုင်းတွေကြောင့် အနည်းဆုံး လူ ရာနဲ့ချီ ထိခိုက်မှုတွေ ရှိခဲ့ တယ်လို့ နိုင်ငံတကာ မြေမြှုပ်မိုင်းတားဆီးရေးလှုပ်ရှားမှုအဖွဲ့က မစ္စ မေရီ ဝဲဟမ်း (Ms. Mary Wareham) က ပြောပါတယ်။

“ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်မှာဆိုရင် မြေမြှုပ်မိုင်းဒဏ်သင့်တဲ့သူ အနည်းဆုံး ၄၀၀ လောက် ရှိခဲ့တယ်ဆိုတာ သိရပါတယ်။ မြေမြှုပ် မိုင်း စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ အစီရင်ခံစာကို ကြည့်မယ်ဆိုရင် အစိုးရတပ်ဖွဲ့တွေက လူသတ် မြေမြှုပ်မိုင်းတွေ အသုံးပြုနေတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ ဒီလိုပဲ အစိုးရမဟုတ်တဲ့ အုပ်စုအတော်များများကလည်း ဒီလို လူသတ် မိုင်းဗုံး တွေကို သုံးနေတာ တွေ့ရမှာပါ။”

မြန်မာနိုင်ငံထဲက တကယ့်အခြေအနေကို လေ့လာစုံစမ်းဖို့ အခက်အခဲတွေ ရှိနေတာမို့ ထိခိုက်မှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ကျယ်ကျယ်ပြန့်ပြန့် မရနိုင်ပေမယ့် စစ်ပွဲတွေဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းတွေကို အကြီးအကျယ် အသုံးပြုနေတာမို့ ထိခိုက်မှုတွေဟာ ဒီထက် အများကြီးပိုနိုင်တယ်လို့လည်း မိုင်းပပျောက်ရေး လှုပ်ရှားသူ တွေက ဆိုကြပါတယ်။

မြန်မာစစ်အစိုးရဘက်ကတော့ လက်နက်ကိုင်အဖွဲ့အစည်း ၁၈ ခုအနက် ၁၇ ဖွဲ့နဲ့ ငြိမ်းချမ်းရေး ရယူထားပြီးဖြစ်သလို ကျန် တဖွဲ့နဲ့လည်း ငြိမ်းချမ်းရေးရဖို့ ညှိနှိုင်းနေဆဲ ဖြစ်တာမို့ ပဋိပက္ခတွေလည်းမရှိ၊ မိုင်းထောင်ဖို့ဆိုတာလည်း ပြောစရာတောင် မလိုတော့ဘူးဆိုပြီး မနှစ်တုန်းက အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာ ပြုလုပ်ခဲ့တဲ့ မြေမြှုပ်မိုင်းဆိုင်ရာ ဆွေးနွေးပွဲမှာ ပြောခဲ့တာပါ။ ဒါပေမယ့်လည်း အခြေအနေတွေဟာ အခုအချိန်အထိ တိုးတက်မှု ရှိမလာသေးဘူးလို့ မြေမြှုပ်မိုင်း စောင့်ကြည့် လေ့လာရေး အဖွဲ့ရဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှူး တဦးဖြစ်တဲ့ မစ္စ အမ်မီလီ ကီတူဒတ် (Ms. Emilie Ketudat) ပြောပါတယ်။

“မြန်မာနိုင်ငံမှာက အခြေအနေတွေက အများကြီး အပြောင်းအလဲ မရှိပါဘူး။ မြန်မာနိုင်ငံက သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးမထားပါဘူး။ သိတဲ့အတိုင်း ထိုင်းနိုင်ငံက လက်မှတ်ထိုးထားပါတယ်။ တခြား အရှေ့တောင်အာရှနိုင်ငံ အတော်များများလည်း အလားတူပါပဲ။”

တကယ်တော့ မြန်မာနိုင်ငံဟာ မြေမြှုပ်မိုင်းတွေကို ကိုယ်တိုင်လည်း ထုတ်လုပ်၊ သုံးလည်း သုံးစွဲတဲ့ နိုင်ငံတခုလည်း ဖြစ်ပါ တယ်။ အစိုးရတပ်ဖွဲ့တွေလိုပဲ လက်နက်ကိုင် သူပုန်တပ်ဖွဲ့တွေမှာလည်း အလားတူ မြေမြှုပ်မိုင်းသုံးစွဲမှုတွေ ရှိနေပေမဲ့ သူတို့အသုံးပြုတဲ့ လက်နက်တွေဟာ အိမ်တွင်းဖြစ်တွေ ဖြစ်တာမို့ အထိအခိုက် အများကြီး မရှိဘူးလို့ ပြောဆိုလေ့ရှိပါတယ်။ ဒါပေမဲ့ ဒီလို အိမ်တွင်းဖြစ် မြေမြှုပ်မိုင်းတွေဟာလည်း အန္တရာယ်ရှိတဲ့ လက်နက်တွေ ဖြစ်တယ်လို့ မိုင်းပပျောက်ရေး လှုပ်ရှားသူ မစ္စ မေရီ ဝဲဟမ်းက ဆိုပါတယ်။

“မိုင်းဗုံးတွေကို စက်ရုံက ထုတ်တာပဲဖြစ်ဖြစ်၊ တယောက်ယောက်က အိမ်နောက်ဖေးမှာ လုပ်တာပဲဖြစ်ဖြစ် သာမန် အိမ်သုံး ပစ္စည်း မဟုတ်တာမို့ ဘာမှ မထူးပါဘူး။ နိုင်ငံတကာ သဘောတူညီချက်အရ ဒါဟာ တရားမဝင်ပါဘူး။ အိမ်တွင်းဖြစ် မိုင်းဗုံး တွေဟာ အကြီးအကျယ် ထိခိုက်အောင် လုပ်ထားတဲ့ လက်နက်မဟုတ်တာကြောင့် အထိအခိုက် နည်းပါးနိုင်ပေမဲ့လည်း ဒါတွေဟာ သေစေလောက်အောင် အန္တရာယ်ရှိပါတယ်။ အထူးသဖြင့် မိုင်းရှင်းတဲ့သူတွေအတွက် ဒီလိုမိုင်းတွေဟာ ဘယ်လို လုပ်ထားမှန်းမသိလို့ မိုင်းရှင်းတဲ့အခါမှာ အခက်အခဲတွေတောင် ကြုံရတာပါ။ ဒါကြောင့်မို့လို့လည်း အိမ်တွင်းဖြစ် မိုင်းဗုံးတွေ ဟာ စက်ရုံထုတ်လိုပဲ အန္တရာယ်ကြီးပါတယ်။”

မိုင်းဗုံးတွေ ကင်းစင်တဲ့ အရှေ့တောင်အာရှဖြစ်ရေး ဘန်ကောက်မြို့မှာ ၂ ရက်ကြာ ဆွေးနွေးတဲ့ နေရာမှာတော့ မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်း မြေမြှုပ်မိုင်းတွေ အသုံးပြုနေဆဲဖြစ်တဲ့ နိုင်ငံတွေမှာ မိုင်းပပျောက်ရေး၊ မိုင်းဒဏ်ခံရသူတွေကို ကူညီ စောင့်ရှောက်သွားဖို့အရေးတွေ ဆွေးနွေးခဲ့ကြတာပါ။ ဒီဆွေးနွေးမှုတွေ နောက်ဆက်တွဲအဖြစ်နဲ့ ဒီနှစ် နိုဝင်ဘာလကုန် ကိုလံဘီယာနိုင်ငံမှာ ပြန်လည်သုံးသပ်တဲ့ ညီလာခံတခု ထပ်ပြီး ပြုလုပ်သွားဦးမှာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG