အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က သူ့ရဲ့ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်တို့က အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗျူဟာနဲ့ နျူကလီးယားလက်နက် ဖျက်သိမ်းရေးသစ်တို့အပေါ် ထောက်ခံမှုရရှိရေး နေတိုး အနှစ် ၆၀ ပြည့် ထိပ်သီးစည်းဝေးပွဲမှာ ကြိုးပမ်းနေပါတယ်။
သောကြာနေ့က ပြင်သစ်နိုင်ငံ စထရာဘိုးစ်မြို့ အားကစားကွင်းကြီးထဲမှာ အကြောင်းအရာ စုံလင်တဲ့ မိန့်ခွန်းရှည်ကြီးပေးရင်း အမေရိကန်သမ္မတ အိုဘားမားက နျူကလီးယားလက်နက် ကင်းရှင်းတဲ့ ကမ္ဘာကြီးဖြစ်ရေး၊
အယ်လ်ကိုင်းဒါး ခြိမ်းခြောက်မှုကို စစ်ရေးဖွံ့ဖြိုးရေး ဗျူဟာသစ်နဲ့ ရင်ဆိုင်ရေး တို့ကို ထည့်သွင်း တိုက်တွန်းသွားပါတယ်။
ပြင်သစ်သမ္မတ နစ်ကိုလပ်စ် ဆာကိုဇီ (Nicolas Sarkozy)၊ ဂျာမန်ဝန်ကြီးချုပ် အိန်ဂျလာ မာကဲလ် (Angela Merkel) တို့နဲ့ တွေ့ဆုံစဉ်မှာလည်း သမ္မတ အိုဘားမားက အဲဒီကိစ္စများကို ဆွေးနွေးခဲ့ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံကို တပ်ဖွဲ့များ ပိုမိုစေလွှတ်ပြီး ပိုမို လေ့ကျင့်ပေးသွားမယ်၊ သံခင်းတမန်ခင်းအရလည်း ကြိုးပမ်းသွားကြမယ်လို့ ဥရောပခေါင်းဆောင်များက ပြန်လည် ကတိပြုကြပါတယ်။
နေတိုး ၂ ရက်တာ ထိပ်သီးစည်းဝေးပွဲကို ပြင်သစ်နဲ့ ဂျာမဏီ နှစ်နိုင်ငံစလုံးမှာ ကျင်းပတာမို့ သောကြာနေ့ ညစာစားပွဲကို ဂျာမဏီနိုင်ငံ ဘေဒန် ဘေဒင်မြို့မှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။