သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားဒုံးကျည် ပစ်လွှတ်မှု နိုင်ငံတကာ ဝေဖန်


ဧပြီလ ၄ ရက်ကနေ ဧပြီလ ၈ ရက်အတွင်းမှာ ပစ်လွှတ်မယ်လို့ မြောက်ကိုရီးယားက ကြေညာထားတဲ့ ဒီကနေ့ ပထမနေ့မှာ တာဝေးပစ် ပဲ့ထိန်းဒုံးကျည်ကို မပစ်လွှတ်သေးဖို့ မြောက်ကိုရီးယားက ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလိုဆုံးဖြတ်ရတာဟာ ရာသီဥတု ကြောင့် ဖြစ်နိုင်တဲ့အကြောင်း ဗွီအိုအေ သတင်းထောက် Kurt Achin သတင်းပေးပို့ထားပါတယ်။ မနန္ဒာချမ်းက တင်ပြထား ပါတယ်။

စနေနေ့မှာ အာကာသထဲကို ဒုံးကျည်လွှတ်တင်မယ့် အစီအစဉ်ကို မြောက်ကိုရီးယားဘက်က ဆိုင်းငံ့လိုက်ရတာဟာ ဒုံးကျည် လွှတ်တင်မယ့်နေရာအနီးတဝိုက်မှာ တိမ်ထူပြီး လေပြင်းတိုက်ခတ်နေတဲ့အတွက် ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။

ဒီနေ့ စောစောပိုင်းတုန်းကတော့ မြောက်ကိုရီးယား အစိုးရသတင်းဌာနကနေ ဒုံးကျည်ကို လွှတ်တင်ဖို့အတွက် ပြင်ဆင်မှု တွေဟာ အပြီးသတ်နေပြီဖြစ်ပြီး မကြာခင်မှာ လွှတ်တင်နိုင်တော့မယ်လို့ ကြေညာခဲ့ပါတယ်။

ဒါပေမဲ့လည်း တောင်ကိုရီးယားရဲ့ ယုံဟတ်သတင်းဌာနမှာတော့ မြောက်ကိုရီးယားဟာ ဒုံးကျည်ပစ်လွှတ်ချိန်မှာ ဖွင့်ရတဲ့ ရေဒါ စနစ်ကိုတောင်မှ မဖွင့်ခဲ့ဘူးလို့ အမည်မဖော်လိုတဲ့ ကာကွယ်ရေးအရာရှိတချို့ရဲ့ ပြောဆိုချက်တွေကို ကိုကားပြီး ဖော်ပြထားပါတယ်။

ဧပြီလ ၄ ရက်ကနေ ၈ ရက်အကြားမှာ အာကာသထဲကို ဆက်သွယ်ရေးဂြိုလ်တုတစ်လုံး လွှတ်တင်မယ်လို့ မြောက်ကိုရီးယား ဘက်က ပြီးခဲ့တဲ့လတုန်းကပဲ နိုင်ငံတကာအစိုးရတွေကို အသိပေးခဲ့တာပါ။ အမေရိကန်၊ တောင်ကိုရီးယား နဲ့ ဂျပန်နိုင်ငံ တို့ ကတော့ - မြောက်ကိုရီးယားဟာ အမေရိကန်ပြည်ထောင်စု အနောက်ပိုင်း တော်တော်ဝေးဝေးထိကို ရောက်နိုင်တဲ့ တာဝေး ပစ် ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့မယ်ဆိုရင် ဒါဟာ ရန်စတဲ့စမ်းသပ်မှုပဲလို့ မြင်ကြပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ ဆိုးလ်မြို့တော်မှာလည်း မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှုကို ရှုတ်ချတဲ့အနေနဲ့ လူတချို့ ဟာ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားက ပစ်လွှတ်မယ့်ဒုံးကျည်ဟာ မြောက်ကိုရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းကနေ ဂျပန်နိုင်ငံ မြောက်ဖျားစွန်းအထိ ဖြတ်သွားမယ်လို့ မျှော်လင့်ထားတဲ့အတွက် တောင်ကိုရီးယားက လေယာဉ်တွေ သဘောၤတွေကို အဲဒီ ဒုံးကျည်လမ်းကြောင်းကို ရှောင်ပြီး သွားလာစေခဲ့တာပါ။

ဒီလိုအခြေအနေတွေကြောင့်မို့ တောင်ကိုရီးယားသမ္မတ အီမြှောင်ဘတ် ဟာလည်း စနေနေ့မှာ နာရီပေါင်းများစွာ ကြာတဲ့ အထိ အရေးပေါ် အစည်းအဝေးထိုင်ပြီး နိုင်ငံတကာ လုံခြုံရေးကိစ္စရပ်တွေအတွက် တောင်ကိုရီးယားဝန်ကြီးတွေနဲ့ ဆွေးနွေး ခဲ့ကြပါတယ်။

နှစ်နိုင်ငံပေါင်းစည်းရေးဆိုင်ရာ တောင်ကိုရီးယားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင် ဟိုညွန်း ကလည်း အလုပ်အကိုင်နဲ့ ရော အလည်အပတ်ပါ မြောက်ကိုရီးယားမှာ ရောက်ရှိနေကြတဲ့ တောင်ကိုရီးယားနိုင်ငံသားတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့ လည်း အထူး ပြင်ဆင်မှုတွေ လုပ်နေပါတယ်လို့ အခုလို ပြောဆိုခဲ့ပါတယ်။

“မြောက်ကိုရီးယားမှာရှိနေကြတဲ့ တောင်ကိုရီးယားနိုင်ငံသားတွေအနေနဲ့ မြောက်ကိုရီးယား နိုင်ငံသားတွေနဲ့ မလိုအပ်ဘဲ ဆက်သွယ် ပြောဆိုတာတွေ မလုပ်ဖို့၊ ပြီးတော့ - မြောက်ကိုရီးယားနိုင်ငံသားတွေ လုပ်နေပြောဆိုနေတာတွေကိုလည်း သတိထားဖို့ မှာကြားထားတယ်။” - လို့ သူက ပြောသွားတာပါ။

ဒါ့အပြင် တောင်ကိုရီးယားနိုင်ငံသားတွေအနေနဲ့ သွားလာတာတွေကိုလည်း လျှော့ပြီး ညဘက်မှာ အပြင် မထွက်ဖို့ကိုလည်း မှာထားတယ်လို့ သူက ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားက အခုလို ဒုံးကျည်ပစ်လွှတ်မယ့်ကိစ္စနဲ့ပတ်သက်လို့ ဒါဟာ ၂၀၀၆ ခုနှစ်တုန်းက မြောက်ကိုရီးယားကနေ နျူကလီးယားစမ်းသပ်မှုတွေ လုပ်ခဲ့ပြီးတဲ့နောက်၊ မြောက်ကိုရီးယားအပေါ် လုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ ဆုံးဖြတ် ချက်တွေကို ချိုးဖောက်တာဖြစ်တဲ့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တောင်ကိုရီးယား၊ အမေရိကန် ပြည်ထောင်စု နဲ့ ဂျပန်တို့ကနေ တင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့်လည်း တရုတ်နဲ့ ရုရှား နှစ်နိုင်ငံကနေ မြောက်ကိုရီးယား အပေါ် အရေးယူဒဏ်ခတ်မှုအသစ်တွေ လုပ်ဖို့ကို တုန့်နှေးကောင်း တုန့်နှေးနိုင်ပါတယ်။ အကြောင်းကတော့ မြောက် ကိုရီးယားဘက်ကနေ သူတို့ရဲ့ အခု စမ်းသပ်ပစ်လွှတ်မှုဟာ နိုင်ငံတကာအခွင့်အရေးအရ - အာကာသအတွင်း ငြိမ်းချမ်းတဲ့ သုတေသန လုပ်တာသာ ဖြစ်တယ်လို့ ပြောဆိုထားတာကြောင့် ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်မှာတုန်းက မြောက်ကိုရီးယားက ဒီလို တာဝေးပစ် ဒုံးကျည်ပစ်လွှတ် စမ်းသပ်တုန်းကတော့ ပစ်တင်ပြီး စက္ကန့် ပိုင်းအကြာမှာပဲ မြေပြင်ကို ပြန်ကျလာခဲ့တာပါ။ အခုလည်း ဒီလို မအောင်မြင်မှုမျိုးဖြစ်မှာကို မြောက်ကိုရီးယားက ရှောင်ရှား လိုပုံရတာကြောင့် ခုတကြိမ် ဒုံးကျည်ပစ်လွှတ်ဖို့မှာ ရာသီဥတုကောင်းအောင် စောင့်ဆိုင်းနေတာ ဖြစ်နိုင်တယ်လို့ ယုံကြည် ရပါတယ်။

မြောက်ကိုရီးယားဟာ အခု ဒုံးကျည်ပစ်လွှတ်ဖို့ကို ရာသီဥတုကောင်းအောင် စောင့်ဆိုင်းနေတာဖြစ်နိုင်တယ်လို့ ယုံကြည်ရ ပါတယ်။ မိုးလေဝသ ခန့်မှန်းသူတွေကလည်း၊ ရာသီဥတုဟာ တနင်္ဂနွေမှာ သာယာလာနိုင်ပြီး တနင်္လာနေ့မှာ ပိုလို့တောင် သာယာနိုင်တယ်လို့ ဆိုကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG