သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့တီမောအစိုးရ အဝေးရောက်စင်ပြိုင်အစိုးရအဖွဲ့ကို လက်ခံတွေ့ဆုံ


မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ ဒဏ်ခတ်အရေးယူတာတွေကို လက်မခံပေမဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရရှိရေးအတွက်တော့ ဆက်ပြီး ပူးပေါင်း ကူညီသွားမယ်လို့ အရှေ့တီမော သမ္မတ ရားမို့ ဟိုတာ က မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ကတိ ပေးလိုက်ပါတယ်။ အရှေ့တီမော သမ္မတ ရားမို့ဒ် ဟိုတာနဲ့ NCGUB အဝေးရောက် ညွန့်ပေါင်းအစိုးရ ဝန်ကြီးအဖွဲ့တို့ အရှေ့ တီမောနိုင်ငံ ဒေလီမြို့မှာ တွေ့ဆုံဆွေးနွေးချိန်မှာ အခုလို ပြောခဲ့တာပါ။ အကြောင်းစုံကို မသင်းသီရိက တင်ပြထား ပါတယ်။

မြန်မာ့အရေးကို နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တွေ ပိုပြီး အရှိန်မြင့်လာစေဖို့ ကြိုးစားမှုတရပ်အနေနဲ့ NCGUB အဝေးရောက် ညွန့်ပေါင်း အစိုးရအဖွဲ့က အရှေ့တီမော သမ္မတ ဂျိုဆေး ရားမို့စ် ဟိုတာနဲ့ ဝန်ကြီးချုပ် အဖွဲ့တွေနဲ့ တွေ့ဆုံပြီး မြန်မာ့အရေးကို ဆွေးနွေးခဲ့ကြတာပါ။ တကယ်တော့ မြန်မာ စစ်အစိုးရအပေါ်ကို စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ် အရေးယူနေတဲ့ ကိစ္စကို အရှေ့တီမော သမ္မတ က ဝေဖန်ကန့်ကွက်နေသူပါ။ ဒါဟာ ပြုပြင်ပြောင်းလဲရေးအတွက် အဖြေမှန်၊ လမ်းမှန် မဟုတ်ဘူးလို့ သမ္မတ ရားမို့စ် က ပြောပါတယ်။ မြန်မာ့အရေးအတွက် အခုလို မတူ ကွဲပြားတဲ့ အမြင်တွေ ရှိနေ ပေမဲ့လည်း မြန်မာနိုင်ငံအတွက် ဒီမိုကရေစီ ဖြစ်ထွန်းလာဖို့ အရှေ့တီမော သမ္မတ က လိုလားနေတယ်လို့ NCGUB ဝန်ကြီး ဒေါက်တာ တင့်ဆွေက ပြောပါတယ်။

“ကွဲလွဲတာကတော့ ကွဲလွဲပိုင်ခွင့်ရှိတယ်။ ပူးပေါင်းဆောင်ရွက်မှုအတွက်တော့ အတူ လက်တွဲဆောင်ရွက်ဖို့ ရှိပါတယ်။ သူဟာ ဗမာ့ ဒီမိုကရေးစီရေးအတွက်တော့ ဆက်လက်ပြီး ဒီမိုရေစီရရှိရေးကို ပွင့်ပွင့်လင်းလင်းနဲ့ ထင်ထင်ပေါ်ပေါ် ထောက်ခံမြဲ ရှိနေပါတယ်။ ခက်ခက်ခဲခဲနဲ့ လွတ်မြောက်လာအောင် ကြိုးစားလာရတဲ့ နိုင်ငံလေး ဖြစ်တော့ ကျွန်တော်တို့ကို ကိုယ်ချင်းစာနာမှု အပြည့်ရှိတယ်ပေါ့။”

အရှေ့တီမောနိုင်ငံ လွတ်လပ်ပြီး သီးသန့်ထူထောင်လာခဲ့ပြီးနောက်ပိုင်း မြန်မာ့ဒီမိုရေစီရေးအတွက် နိုင်ငံအတွင်းမှာ မြန်မာ ဒီမိုကရေစီ အင်အားစုတွေကို ရုံးခန်းဖွင့်လှစ်ပြီး အခြေစိုက် လှုပ်ရှားခွင့် ပြုမယ်ဆိုတဲ့ ကိစ္စတွေ အပေါ်ကိုရော ဆွေးနွေးဖြစ် ပါသလားလို့ မေးကြည့်ပါတယ်။

“သမ္မတကြီးကတော့ သူပေးထားတဲ့ ကတိကို တည်ပါတယ်။ ရုံးဖွင့်ခွင့်ပေးမယ်ဆိုတဲ့ ကိစ္စမှာတော့ တခါတရံ နိုင်ငံတကာ ဆက်ဆံရေးမှာ အသုံးအနှုန်းအတွက်ကြောင့် အသံကြောင့် ဖားသေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လာတယ်။ လက်ခံတွေ့တယ်။ ကျွန်တော်တို့နဲ့ ဆွေးနွေးမယ်၊ ပူးပေါင်း ဆောင်ရွက်မှု လုပ်မယ်၊ အပြန်အလှန် ကူညီမှု လုပ်မယ်ဆိုတဲ့ အဆင့်ပါပဲ။ ရုံးတွေ ဖွင့်မယ်ဆိုတာတော့ ကျွန်တော်တို့ စောင်းပေးပြီး မပြောလိုပါဘူး။ ဒါပေမဲ့ သမ္မတကြီးက သူပေးထားတဲ့ ကတိအတိုင်းပဲ ဆက်လက် တည်နေတယ်လို့ပဲ ကျွန်တော်တို့ ပြောချင်ပါတယ်၊”

လာမယ့် ၂၀၁၂ခုနှစ်မှာ အရှေ့တီမောနိုင်ငံဟာ အာစီယံ အဖွဲ့ဝင်နိုင်ငံ ဖြစ်တော့မှာပါ။ ဒါကြောင့် မြန်မာ့ ဒီမိုကရေစီရေး အတွက် အရှေ့တီမော နိုင်ငံဟာ ဘယ်လောက်အထိ အားထားနိုင်မလဲဆိုတဲ့ မေးခွန်းကိုတော့ ဒေါက်တာ တင့်ဆွေက

“သူနဲ့ ကျွန်တော်တို့ တွေ့ခြင်းအားဖြင့် သူနဲ့ အာစီယံအုပ်စုဆက်ဆံရေးကြားမှာ မထိခိုက်ရေးအတွက် ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ ကျွန်တော်တို့ဘက်က ဒီတာဝန်ကို နားလည်မယ်။ သူတို့ကလည်း မြန်မာနိုင်ငံ ဒီမိုကရေစီရေးကို ထောက်ခံမယ်ဆိုတဲ့ အသိတရားလည်း ရှိတယ်။ ဒီ နှစ်ခု ချိန်ပြီးတော့ ကျွန်တော်တို့ ဆက်ဆံသွားကြမှာပါ။ ဒါကြောင့် အပြန်အလှန် နားလည်မှုအရ နှစ်ဦး နှစ်ဘက် အကျိုးပြုမယ့် လုပ်ငန်းတွေ ဆောင်ရွက်သွားမှာပါ။ ကျွန်တော်တို့ ကြောင့် သူတို့ အကျိုးကို မထိခိုက်အောင် ကြိုးစားသွားမယ်လို့ ပြောထားပါတယ်။”

ဆက်စပ်သတင်းများ ...

XS
SM
MD
LG