သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေး အခွင့်အလမ်းကောင်း စစ်အစိုးရ ဆုပ်ကိုင်ဖို့ ၈၈ ကျောင်းသားအုပ်စု တိုက်တွန်း


မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့ ဒဏ်ခတ်မှုတွေ ဖယ်ရှားသွားစေချင်ရင် စစ်အစိုးရအနေနဲ့ လူ့အခွင့်အရေးတွေ လေးစားလိုက်နာပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြရမယ်လို့ ၈၈ မျိုးဆက် ကျောင်းသားတွေက ပြောကြားလိုက်ပါတယ်။ အရေးယူဒဏ်ခတ်မှုတွေ အဆုံးသတ်သွားအောင် လုပ်နိုင်မယ့်သူဟာ စစ်အစိုးရသာ ဖြစ်တယ်လို့
ဒီနေ့ နေ့စွဲနဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေက စစ်အစိုးရကိုပေးတဲ့ အိတ်ဖွင့်ပေးစာထဲမှာ ဖော်ပြထားပါတယ်။ အပြောင်း အလဲ တွေလုပ်ဖို့ တာဝန်ရှိသူဟာလည်း စစ်အစိုးရသာ ဖြစ်တယ်လို့ ပြောထားတဲ့ အိတ်ဖွင့်ပေးစာနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်နဲ့ ဆက်သွယ်မေးမြန်းထားတဲ့ မအေးအေးမာက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ ဖမ်းဆီးထားမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးအဖြေ ရှာရေးကို လုပ်ဆောင်ခြင်းမရှိတာကြောင့် စီးပွားရေး ပိတ်ဆို့ထားတာဖြစ်ကြောင်း၊ အခုအခါမှာ စစ်အစိုးရရဲ့ ပြုပြင် ပြောင်းလဲရေး သဘောထားတွေ လုပ်ဆောင်မယ်ဆိုရင် အချိန်ကောင်းဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင်က ပြောဆိုလိုက်ပါတယ်။

“ပြုပြင်ပြောင်းလဲမှုတွေကို ရှေ့တိုးလုပ်ဆောင်လာမယ်ဆိုရင် သူတို့ဘက်ကနေ ပိတ်ဆို့မှုနဲ့ ပတ်သက်ပြီးတော့ အပြောင်းအလဲ ချမှတ်ကျင့်သုံးမယ်ဆိုပြီး ဒီလိုအသံတွေထွက်လာတယ်။ အဲဒီတော့ ဒီအခြေအနေတွေကို နအဖ စစ်အစိုးရ အနေနဲ့ ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ပြီးတော့ တိုင်းပြည်မှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခြင်းအားဖြင့် စီးပွားရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းသွားစေနိုင်ပါတယ်။ အခုအခြေအနေဟာ အခွင့်ကောင်း အခါကောင်းပဲဖြစ်တယ်။ ဒီအခွင့်ကောင်း အခါကောင်းကို ဆုပ်ကိုင်ပြီးတော့ နအဖ စစ်အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခြင်းအားဖြင့် စီးပွားရေးပိတ်ဆို့မှုတွေကို ဖယ်ရှားပေး သွားနိုင်ပါတယ်။”

ဒါပေမဲ့ နိုင်ငံတချို့က ပိတ်ဆို့မှုဟာ ထိရောက်မှုမရှိဘူးလို့ ပြောဆိုနေကြသလို ပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး နိုင်ငံကြီးတွေကြား မှာ လည်း အငြင်းပွားမှုတွေ ရှိနေပါတယ်။ ဒါဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ဖြစ်လာတာမို့ လူ့အခွင့်အရေးကို
လေးစားလိုက်နာတဲ့ နိုင်ငံကြီးတွေကသာ စဉ်းစားရမှာဖြစ်ကြောင်းကိုလည်း ဆက်ပြောသွားပါတယ်။

“ဒီ စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုတွေ ဘာကြောင့်ဖြစ်ပေါ်လာလဲဆိုတာ ကာယကံရှင်နိုင်ငံကြီးတွေ အသိဆုံးပါ။ လူ့အခွင့် အရေး ချိုးဖောက်မှုတွေ၊ ပြည်သူလူထုအပေါ် မတရား ဖိနှိပ်ချုပ်ချယ်မှုတွေ၊ တိုင်းရင်းသားကျေးရွာတွေကို မီးရှို့ဖျက်ဆီး ထိုးစစ်တွေ ဆင်၊ ဆိုတော့ ဒီအခြေအနေတွေ ရပ်တန့်သွားပြီလား၊ ဒါ သူတို့ စဉ်းစားရမှာပါ။ ကျနော်တို့က ကာယကံရှင် နိုင်ငံကြီးတွေအပေါ် ပိတ်ပါ၊ ဖွင့်ပါ၊ ဘာမှပြောလို့ မရပါဘူး။ အဲတော့ စီးပွားရေးပိတ်ဆို့မှုတွေကို ဖွင့်ခြင်းပိတ်ခြင်းဟာ နအဖစစ်အစိုးရရဲ့ လူ့အခွင့်အရေး မှတ်တမ်းပေါ်မှာပဲ မူတည်နေပါတယ်။ လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားတဲ့ နိုင်ငံကြီးတွေကနေပြီး ဒီဥစ္စာကို အလေးအနက်ထား စဉ်းစားသွားမယ်လို့ ကျနော်တို့ ဒီလိုပဲ မျှော်လင့်ထားပါတယ်။”

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်ဘဲ ရင်းနှီးမြှုပ်နှံမှုတွေပဲ လုပ်လာမယ် ဆိုရင်တော့ ပြည်သူတွေအတွက် အကျိုးမရှိဘူးလို့လည်း ဆက်ပြောသွားပါတယ်။

“နအဖနဲ့ပတ်သက်တဲ့ ကုမ္ပဏီကြီးတွေကနေပြီးတော့ပဲ အခြေခံ ပြည်သူလူထုဆီကနေ အမြတ်ထုတ် ချယ်လှယ်နေတယ်။ အဲဒီတော့ မှန်ကန်တဲ့ စီးပွားရေး၊ လွတ်လပ်စွာ ယှဉ်ပြိုင်တဲ့ ဈေးကွက်ဆိုတာ ကျနော်တို့ဆီမှာ ဘာမှမရှိဘူး။ ဒီလို အခြေအနေဆိုးတွေ၊ ရေခံမြေခံတွေ မကောင်းဘဲနဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းမယ်ဆိုရင်လည်း၊ နိုင်ငံတကာ အထောက်အပံ့တွေ ၀င်လာမယ်ဆိုရင်လည်း ကျနော်တို့လူထုအတွက် တစုံတရာမှ အကျိုးရှိနိုင်မှာမဟုတ်ဘူးလို့ ကျနော်တို့ မြင်နေတယ်၊ အဲဒီလိုပဲ ယုံကြည်ထားပါတယ်။”

မြန်မာစစ်အစိုးရအနေနဲ့ စီးပွားရေးပိတ်ဆို့ထားမှုတွေကို ပြန်ဖွင့်ပေးဖို့ ပြောနေမဲ့အစား နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ် ပေးမယ်၊ တိုင်းရင်းသားနယ်မြေတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တန့်မယ်၊ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ
လုပ်မယ်ဆိုရင်တော့ တိုင်းပြည်လူထုအတွက် အကောင်းဆုံးဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများက ဒီနေ့မှာပဲ သူတို့ရဲ့သဘောထားတွေကို ထုတ်ပြန်လိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG