မြန်မာစစ်အစိုးရနဲ့ လက်နက်ကိုင် တိုက်ခိုက်ဆဲဖြစ်တဲ့ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး ခေါင်းဆောင်တွေဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွန်း (Kasit Piromya) နဲ့ တွေ့ဆုံပြီး မြန်မာစစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးနိုင်ရေးကို ဆွေးနွေးခဲ့ကြပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ကေအန်ယူဒု-ဥက္ကဋ္ဌ စောဒေးဗစ်တာကပေါကို ကိုသိန်းထိုက်ဦးက ဆက်သွယ်မေးမြန်းရာမှာ စောဒေးဗစ်တာကပေါက အခုလို စပြောပါတယ်။
“အဓိကကတော့ သူ မြန်မာပြည်ရောက်တယ်၊ နေပြည်တော်ထိ ရောက်တယ်ပေါ့ဗျာ။ အဲဒီမှာ နအဖဝန်ကြီးချုပ် သိန်းစိန်နဲ့ တွေ့တယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးလို့ ပြောတာပဲ၊ အဲဒီကိစ္စနဲ့ ကေအန်ယူနဲ့ တွေ့ပြီး စကားပြောချင်တယ်ပေါ့။ ကျနော်တို့ကတော့ ဒိုင်ယာလော့ဂ်ဆိုရင် အသင့်ပဲလို့။ ငြိမ်းချမ်းတဲ့နည်းနဲ့ ပြဿနာဖြေရှင်းရေးဆိုတာ ကျနော်တို့ အဆက် ဆက် ချခဲ့တဲ့လမ်းစဉ် ဖြစ်ပါတယ်။ ဒိုင်ယာလော့ဂ်က မှန်မှန်ကန်ကန်ဖြစ်ဖို့၊ နောက်ပြီးတော့ ယုံကြည်မှု တည်ဆောက် ဖို့၊ အဲဒါတွေ ရှိတယ်ပေါ့။”
ထိုင်းဘက်က နိုင်ငံခြားရေးဝန်ကြီးနဲ့အတူ တခြား ဘယ်သူတွေ ပါပါသေးလဲခင်ဗျ။
“နိုင်ငံခြားရေးဝန်ကြီးနဲ့ သူ့ရဲ့လက်ထောက်ပေါ့၊ Personal Assistant ခေါ်မှာပေါ့။”
ကေအန်ယူဘက်ကရော ဒီအစည်းအဝေးမှာ ဘယ်သူတွေ ပါပါသလဲ။
“ကေအန်ယူကတော့ ကျနော်က ဒု-ဥက္ကဋ္ဌအနေနဲ့ပေါ့၊ ပြီးတော့ အတွင်းရေးမှူးပေါ့။”
အခုတွေ့ဆုံတာက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက သူတို့ အရင်ကပြောထားတဲ့အတိုင်း ကေအန်ယူနဲ့ မြန်မာစစ်အစိုးရ ကြား ကြားဝင်ပေးမယ်ဆိုတဲ့ သဘောထားကို ပေးတာပဲလား၊ မြန်မာစစ်အစိုးရဘက်က တိတိကျကျ ဘယ်လိုသတင်းစကား မျိုးကို ပါးလာတာ တွေ့ရပါလဲခင်ဗျ။
“သတင်းစကားပါးတာ တိတိကျကျတော့ မရှိဘူး။ အဲဒါက စကားပြောကြည့်ပေါ့၊ သူ့အနေနဲ့ကတော့ ကြားဝင်ပြီး အကျိုး ဆောင် အနေနဲ့ နှစ်ဖက်တွေ့ဆုံရေး၊ ဆွေးနွေးနိုင်ရေးပေါ့၊ စကားပြောနိုင်ရေးအတွက် သူဆောင်ရွက်ပေးချင်တယ်ဆိုတော့ ကျနော်တို့က ဆောင်ရွက်ပါ၊ ဒါ လက်ခံပါတယ်။”
ဟုတ်ကဲ့၊ သူတို့ဘက်က သဘောထားကိုပဲ အဓိကပြောတာပေါ့။ သတင်းတွေထွက်နေတာက ကေအန်ယူကို မြန်မာ စစ်အစိုးရ နဲ့ အပစ်အခတ် ရပ်စဲဖို့အတွက် ထိုင်းက ဖိအားပေးတာမျိုးတွေ ရှိနေတယ်ဆိုတော့ ဖိအားပေးတာမျိုး၊ တစုံတရာ ပြောတာမျိုးတွေရော ရှိပါလားခင်ဗျ။
“ဖိအားပေးတာတော့ မရှိပါဘူး။ ဖိအားပေးတယ်ဆိုရင် မမှန်ဘူးလေ။ သူ့အနေအထားက ကြားနေ၊ အကျိုးဆောင်ပေါ့လေ။ သူ့နေရာ သူ့ interest တွေ ဘာတွေ ဘာမှ မပြောဘူး။ interest မရှိတဲ့ ပါတီတခုအနေနဲ့ပေါ့။ အဲလို ဆောင်ရွက်ပေးချင် တယ်။”
ကေအန်ယူနဲ့ မြန်မာစစ်အစိုးရကြားမှာ တွေ့ဆုံဆွေးနွေးနိုင်မယ့် အလားအလာ မကြာခင်အချိန်တွင်းမှာ ဖြစ်လာနိုင်မယ့် အနေအထားမျိုး ရှိပါသလားခင်ဗျ။ ကေအန်ယူဘက်က သဘောထားကရော ဘယ်လိုရှိပါသလဲ။
“ကျနော်တို့ကတော့ တွေ့မယ်ဆို တွေ့မှာပဲ။ စကားပြော ဆွေးနွေးမယ်။ အဲဒီ ဆွေးနွေးတဲ့အပေါ်မှာ အပစ်အခတ် ရပ်စဲရေး တို့ ဘာတို့ဆိုတာ ဆွေးနွေးပြီးမှပဲ သိမှာပဲ။ ကျနော်တို့ လိုအပ်ချက်တွေကလည်း ရှိတာကိုး။ ကျနော်တို့မှာ အတွေ့အကြုံတွေ က ရှိခဲ့တယ်လေ။”
ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ပထမဆုံးအကြိမ် တွေ့တာဆိုတော့ ဒုတိယအကြိမ် ဘယ်တော့လောက် ထပ်တွေ့မယ်လို့ စီစဉ်တာမျိုးတွေရော ရှိပါသလားခင်ဗျ။
“အဲဒါတော့ အတိအကျ မရှိပါဘူး။ ကျနော်တို့ ကေအန်ယူသဘောထားကို သူပြောပြမယ်ပေါ့။ မကြာခင်အတွင်းပေါ့လေ၊ ရက်တော့ အတိအကျ သူ မပြောဘူး။ မကြာခင်အတွင်း ပြောပြမယ်၊ ကေအန်ယူရဲ့ သဘောထားကို ပြောပြမယ်ပေါ့။”
အခုဆွေးနွေးပွဲမှာ ရှိနေတဲ့ အမည်မဖော်လိုသူတဦးရဲ့ ပြောဆိုချက်အရတော့ ကေအန်ယူအနေနဲ့ မြန်မာစစ်အစိုးရနဲ့ အခုတခေါက် ဆွေးနွေးရာမှာ ပြည်ပမှာ ဆွေးနွေးလိုတယ်လို့ ထိုင်းကို ဆွေးနွေးပြောဆိုခဲ့ပြီး ထိုင်းဘက်ကလည်း ဒီအတွက်
အကူအညီပေးသွားမယ့် အလားအလာရှိတယ်လို့ သိရပါတယ်။