အခြေအနေကို ဘယ်လို တုံ့ပြန်မလဲဆိုတာ အမေရိကန် စစ်ဘက်နဲ့ရော တခြား အစိုးရ အေဂျင်စီများနဲ့ပါ အနီးကပ် ညှိနှိုင်းနေတယ်၊ သင်္ဘောပေါ်မှာ အားလုံး ဘေးကင်းကြပြီး ထိခိုက် ဒဏ်ရာရသူ မရှိဘူးလို့ သတင်းရကြောင်းလည်း သင်္ဘောကုမ္ပဏီက ကြေညာပါတယ်။ ကုန်တန်ချိန် ၁၇,၀၀၀ တင်နိုင်တဲ့ Maersk Alabama ကုန်တင်သင်္ဘောကြီး ဆိုမာလီယာနိုင်ငံ မြောက်ပိုင်း ပို့လန် (Puntland ) ဒေသ အဲလ်မြို့ (Eyl) အရှေ့ဘက် ကီလို ၄၅၀ အကွာမှာ ပြန်ပေးဆွဲ ခံလိုက်ရတာပါ။
အမေရိကန်နိုင်ငံသား သင်္ဘောသား အယောက်၂၀ က အင်္ဂါနေ့မှာတင်ပဲ သင်္ဘောကြီးကို ပြန်လည် ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ပင်လယ်ဓားပြတွေက သင်္ဘောကပ္ပတိန်ကို ဖမ်းဆီးသွားလို့ သူ ပြန်လွတ်ရေးအတွက် သင်္ဘောသားများက ဖမ်းထားတဲ့ ပင်လယ်ဓားပြတဦးကို အလဲအလှယ်လုပ်ပြီး သူတို့ရဲ့ ကပ္ပတိန် ပြန်လွှတ်ရေးအတွက် စေ့စပ်ဆွေးနွေးနေဆဲ ဖြစ်တယ်လို့ ဒု-အရာရှိ ကန်ကွင်း (Ken Quinn) CNN ရုပ်သံလွှင့်ကို ပြောဆိုပါတယ်။အမေရိကန်ရေတပ် တိုက်သင်္ဘောကြီး Bainbridge ကို အဲဒီဒေသကို စေလွှတ်လိုက်ပြီလို့ Pentagon အမေရိကန် ကာကွယ်ရေးဌာနက ကြေညာပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က အဲဒီလို ပြန်ပေးဆွဲခံရတဲ့အတွက် အမေရိကန်နိုင်ငံက အကြီးအကျယ် စိုးရိမ်မိကြောင်း၊ အနီးကပ် စောင့်ကြည့်နေကြောင်း၊ ပင်လယ်ဓားပြတွေရဲ့ ပြန်ပေးဆွဲမှု ကြီးထွားလာတာ အဆုံးသတ်သွားရေး တကမ္ဘာလုံးက ၀ိုင်းဝန်း ဆောင်ရွက်သင့်ကြောင်း ပြောဆိုသွားပါတယ်။ ဒိန်းမတ်နိုင်ငံရဲ့ အေပီ မိုလာမက်စ် A.P.Moller-Maersk က အဲဒီသင်္ဘောကို အမေရိကန် ကုမ္ပဏီဖြစ်တဲ့ Maersk လိုင်းက ပိုင်ပြီးတော့ ပြေးဆွဲနေတာ ဖြစ်ပါတယ်။