သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်စီးပွားရေး ချဲ့ထွင်မှုကြောင့် နယ်စပ်ဒေသ ပတ်ဝန်းကျင် ပြုန်းတီး


တရုတ်နိုင်ငံက အကျိုးစီးပွား ခဲျ့ထွင်လာတာကြောင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့ခြမ်းမှာ မြေပေါ်မြေအောက် သယံဇာတတွေ ဆုံးရှုံးရသလို ဒေသခံတိုင်းရင်းသားတွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်လာနေရတယ်လို့ ဌာနေ တိုင်းရင်းသား သုတေသီတွေက အစီရင်ခံစာတစောင် ရေးသားထုတ်ပြန်လိုက်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ဒီအစီရင်ခံစာကို Undercurrents- Monitoring Development along Burma's Mekong လို့ အမည်ပေးထားပြီး မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့ပိုင်း မဲခေါင်မြစ်ဝှမ်းဒေသဘက်က တောရိုင်းတိရစ္ဆာန်တွေကို မှောင်ခိုရောင်းချမှု၊ ရာဘာ စိုက်ပျိုးမှု၊ မူးယစ်ဆေးထုတ်လုပ်မှု၊ ရေကာတာတည်ဆောက်မှုတွေနဲ့ သတ္တုရိုင်းတူးဖော်ထုတ်လုပ်မှု စတဲ့ အကြောင်းအရာ တွေကို တင်ပြထားပါတယ်။

တရုတ်နိုင်ငံကို တောရိုင်းတိရစ္ဆာန်တွေ မှောင်ခိုရောင်းချတာကြောင့် မျိုးတုံးပျောက်ကွယ်နေတဲ့ အခြေအနေကို ဒီ အစီရင်ခံစာ ထုတ်ဝေတဲ့ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ဒါရိုက်တာ ဦးဂျာဖက်ဂျကူက အခုလိုပြောပါတယ်။

“တချိန်တုန်းက မဲခေါင်မြစ်မှာ ဖျံတွေ ဒီလောက်များတာ၊ ဖျံတကောင်တွေ့ဖို့က မလွယ်တဲ့အထိပဲ။ နောက်ပြီးတော့ ကင်းလိပ်ရှော ဒါတွေဆို လုံးဝရှားပါးတဲ့ဟာတွေ ဖြစ်သွားပြီနော်။ အရင်တုန်းက ပေါများတဲ့ဟာတွေ။ နောက် ဒေသခံတွေ မေးကြည့်တဲ့အခါ ဟိုဟာလည်း မရှိတော့ဘူး။ ဒီဟာလည်း မရှိတော့ဘူးဆို အားလုံးနီးပါး ပျောက်လုနီးပါး ဖြစ်သွားပြီ။ ကျားတကောင် ရတယ်နော်၊ အဲဒီကျားကို ထိုင်းငွေနဲ့ပဲ သူတို့ရောင်းတယ်နော်၊ ၇၀၀,၀၀၀ နဲ့ရောင်းတယ်။ ၇၀၀,၀၀၀ က တန်လား မတန်လား ကျနော်တို့မသိဘူး။ ဘယ်လောက်ရှားသွားတယ်ဆိုတာ ကျနော်တို့ သိရတယ်နော်။

“မျောက်တွေအခြေအနေက ဟိုရှေးခေတ်မျောက်ကြီးတွေ ရှိတဲ့ဒေသကလည်း အခု မျောက်ကြီးတွေ မတွေ့ရတဲ့အပြင် အခု ဒီမျောက်နီ၊ မျောက်ဖင်နီက ခေတ်စားလာတယ်ဗျ။ အထူးသဖြင့် မိုင်းလားမှာ သူ့ရဲ့ဦးနှောက်ကို အရှင်လတ်လတ် အရက်နဲ့မြည်းတယ်ဆိုတဲ့အခါကျတော့ အဲဒီမျောက်လေးက ပိုပြီးတော့ ဒုက္ခဖြစ်သွားပြီ။ ပိုပြီးတော့ ပျောက်သွားတာကို တွေ့ရတယ်နော်။”

တရုတ်ကုန်သည်တွေက သစ်ခွ၊ ဘယဆေးပင်နဲ့ ဝဥ စတာတွေအပြင် ဓာတ်သတ္တုတွေကို ဝယ်ယူနေသလို ဒေသခံတွေ ကလည်း ရောင်းချနေတာကြောင့် သယံဇာတပစ္စည်းတွေ ကုန်လုနီးပါးရှိနေတယ်လို့ ပြောပါတယ်။ ဘိန်း အစားထိုး သီးနှံအဖြစ် ရာဘာစိုက်ခင်းတွေ စိုက်ပျိုးနေတာကြောင့် ကျေးရွာအချို့ ပြောင်းရွှေ့ရတယ်လို့ ဆက်ပြောပါတယ်။

“ရာဘာက တရုတ်ပြည် ယူနန်က ဟွန်ယုကုမ္ပဏီ ဝင်လာတဲ့အခါကျတော့ မိုင်းဆတ်ဘက်မှာ ဘိန်းဘုရင် ဝေရှောက်ကန်ရဲ့ နယ်မြေမှာ ဧက ၅,၀၀၀၊ တာချီလိတ်မြို့မှာ ဧက ၅,၀၀၀ ဆိုတော့ ထားလိုက်ပါတော့လေ၊ တာချီလိတ်မြို့မှာ ကျနော်တို့ အသေးစိတ်လိုက်ထားပြီးသားဆိုတော့ ၁၇ ရွာ ဒုက္ခရောက်တယ်။ အဲဒီ ၁၇ ရွာမှာ ၃ ရွာက အဲဒီဒေသကနေ ရွှေ့ပြောင်း ရတယ်နော်။ အတင်းအဓမ္မပေါ့။ နအဖစစ်အုပ်စုက သူတို့အော်တာကတော့ ကျနော်တို့ဖံ့ွဖြိုးရေးက တိုင်းပြည်အတွက်ပါ၊ ခင်ဗျားတို့အတွက် မကဘူးပေါ့။ တိုင်းပြည်အတွက်ဖြစ်တော့ ခင်ဗျားတို့ ဒီဟာနဲ့ ဘာမှ ဆင်ခြေမတက်နဲ့ဆိုတော့ ကျနော်တို့ ဒေသခံက ဒါနဲ့ပဲ လက်ခံရတယ်။ အဲတော့ သူ့ရဲ့တောင်ယာ၊ သူရဲ့လယ်ယာ၊ သူ့ရဲ့အကွက်တွေ အကုန်လုံး သိမ်းလိုက်တဲ့ အခါကျတော့ လုံးဝအခက်အခဲကြီး ဖြစ်သွားတာပေါ့နော။”

ဒီအစီရင်ခံစာမှာ တရုတ်နိုင်ငံက မဲခေါင်မြစ်မှာ ရေကာတာတည်ဆောက်မှုနဲ့ အိမ်နီးချင်း ထိုင်း၊ လော စတဲ့နိုင်ငံတွေက သတ္တုမိုင်း တူးဖော်မှုလုပ်ငန်းနဲ့ ပတ်သက်တဲ့ အခြေအနေတွေကိုလည်း တင်ပြထားပါတယ်။

ဒီအစီရင်ခံစာ ထုတ်ဝေဖို့အတွက် လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဟာ ဒေသခံပြည်သူတွေဆီကနေ သတင်း အချက်အလက်တွေကို ၂ နှစ်ကြာ ကွင်းဆင်းကောက်ယူ စုဆောင်းခဲ့ရတယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG