ထိုင်းနိုင်ငံ ပတ္တယား အပန်းဖြေကမ်းခြေမြို့မှာ သုံးရက်ကြာ ထိပ်သီးစည်းဝေးပွဲ တက်ရောက်ကြဖို့ အာဆီယံအသင်းဝင် နိုင်ငံ များက ခေါင်းဆောင်များ ရောက်ရှိနေကြပါပြီ။ သောကြာနေ့က ပြုလုပ်တဲ့ ညစာသုံးဆောင်ရင်း ဆွေးနွေးပွဲမှာ အာဆီယံ ၁၀ နိုင်ငံက ထိပ်တန်းတာဝန်ခံများက လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က မြောက်ကိုရီးယားက ရော့ကတ် လွှတ်တင်မှုအတွက် စိုးရိမ်မကင်း ဖြစ်ကြောင်း ပြောဆိုကြပါတယ်။ စနေနေ့ ထိပ်သီးစည်းဝေးပွဲစတင်တဲ့အခါ တရုတ်၊ အိန္ဒိယ၊ သြစတြေးလျ၊ နယူးဇီးလန်၊ တောင်ကိုရီးယား နဲ့ ဂျပန်နိုင်ငံ တို့ပါ တက်ရောက်ကြမှာမို့ အားလုံးပေါင်း ၁၆ နိုင်ငံ ရှိပါတယ်။
အနာဂတ်မှာ ငွေကြေးအကျပ်အတည်းနဲ့ ရင်ဆိုင်ရတဲ့အခါ အထောက်အကူပြုရေး ဒေါ်လာ ဘီလီယံ ၁၂၀ လျာထားတဲ့အထဲ အာဆီယံနိုင်ငံများက ဒေါ်လာ ၂၄ ဘီလီယံ ထည့်ဝင်ကြပြီး အလားတူပဲ ရန်ပုံငွေ ၂၀ % ထည့်ဝင်ဖို့ တောင်ကိုရီးယားနိုင်ငံက သဘောတူလိုက်ပြီလို့ အာဆီယံအတွင်းရေးမှူးချုပ် ဆူရင်းပစ်ဆူဝမ် ပြောဆိုပါတယ်။
ထိပ်သီးအစည်းအဝေးပွဲ အသီးသီးကျင်းပမယ့် အစီအစဉ်တွေထဲ ၁၂ ရက်နေ့မှာပြုလုပ်မယ့် တတိယအကြိမ် အာဆီယံ ကုလ သမဂ္ဂ ထိပ်သီးစည်းဝေးပွဲပါဝင်မှာမို့ ကိစ္စရပ်အများအပြားကို အာဆီယံခေါင်းဆောင်များနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း တို့ ဆွေးနွေးကြဖို့လည်း အစီအစဉ်ထဲမှာ ပါရှိပါတယ်။