သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြသူများကြောင့် အာဆီယံထိပ်သီး အစည်းအဝေးပွဲ ပျက်


အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ရဲ့ ထိပ်သီးအစည်းအဝေးပွဲ ကျင်းပနေတဲ့ ထိုင်းနိုင်ငံအပန်းဖြေကမ်းခြေ ပတ္တယားမြို့မှာ ထိုင်းအစိုးရကို ဆန့်ကျင် ဆန္ဒပြမှုတွေ ကြီးထွားလာတာနဲ့အမျှ သွေးထွက်သံယို ပဋိပက္ခမှုတွေ လည်း ဖြစ်ခဲ့တာမို့ ထိုင်းအစိုးရက အရေးပေါ် အခြေအနေ ကြေညာခဲ့ရသလို၊ အစည်းအဝေး ပွဲတွေကိုလည်း ရွှေ့ဆိုင်းလိုက်ရပါတယ်။ အစိုးရဆန့်ကျင်သူတွေနဲ့ လိုလားသူတွေကြား ပြဿနာတွေ ဖြစ်ခဲ့သလို ထိပ်သီးအစည်းအဝေးပွဲ လုပ်နေတဲ့ နေရာကို ဆန္ဒပြသမားတွေက ဝင်ရောက် လာခဲ့တာတွေ ရှိခဲ့တာမို့ လုံခြုံရေးအရ ထိုင်းအစိုးရက အခုလို ဆုံးဖြတ်လိုက်ရတာလို့ ဆိုပါတယ်။ ပြဿနာဖြစ်ပွားနေတဲ့ ထိုင်းနိုင်ငံ ပတ္တယားမြို့က ထိပ်သီး အစည်းအဝေးပွဲမှာ ရောက်နေတဲ့ ကိုအောင်လွင်ဦး က အခြေအနေတွေကို တင်ပြထားပါတယ်။

သုံးရက်ကြာ ကျင်းပဖို့ရှိနေတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေးပွဲတွေကို ထိုင်း အစိုးရက ရွှေ့ဆိုင်းလိုက်ပြီးတော့ အစည်းအဝေး ကျင်းပနေတဲ့ ပတ္တယားမြို့နဲ့၊ အနီးအနားက ချွန်ဘူရီမြို့တို့ကို အရေးပေါ် အုပ်ချုပ်ရေး အခြေအနေ ကြေညာလိုက်တာပါ။ ထိပ်သီးအစည်းအဝေးတွေ ကျင်းပတဲ့ ဒုတိယနေ့မှာပဲ အစိုးရဆန့်ကျင်သူ အနီရောင်အင်္ကျီတွေကို ဝတ်ဆင်ထားကြတဲ့ ဆန္ဒပြသမားတွေ နဲ့ အစိုးရလိုလားသူတွေအကြား သွေးထွက်သံယို ဖြစ်ခဲ့တဲ့ အထိ ပဋိပက္ခတွေဖြစ်ပွားခဲ့ပြီး၊ နောက်ပိုင်း အစည်းအဝေးပွဲ ကျင်းပတဲ့နေရာမှာ စုဝေး ဆန္ဒပြနေသူတွေက ဆွေးနွေးပွဲ ကျင်းပရာ ဟိုတယ်ထဲအထိ ဝင်ရောက်တာတွေ ရှိလာတဲ့နောက် အခုလို ထိုင်းအစိုးရက ဆုံးဖြတ်လိုက်တာပါ။

“ပတ္တယား နဲ့ ချွန်ဘူရီ ဒေသတွေမှာ အရေးပေါ် အခြေအနေအဖြစ်နဲ့ အစိုးရက အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ဒီအမိန့်ကို အကောင်အထည် ဖော်ဖို့အတွက် ဒုတိယဝန်ကြီးချုပ် ဆူထပ် ထေ့ဆူဝမ်း ကို တာဝန်ပေးအပ်လိုက်ပါတယ်။ အာဆီယံ ထိပ်သီး အစည်းအဝေးပွဲတွေကိုလည်း ရွှေ့ဆိုင်းလိုက်ပါတယ်။” - ဆိုပြီး ရုပ်မြင်သံကြားကနေ ဝန်ကြီးချုပ် အဘီဆစ် ဝိက်ချာချီ၀ က ကြေညာသွားတာပါ။ အခုအချိန်မှာ ထိပ်သီးအစည်းအဝေးပွဲ တက်ရောက်လာတဲ့ နိုင်ငံတကာ ခေါင်းဆောင် တွေရဲ့ လုံခြုံရေးကို ဦးစားပေးရမယ်၊ သူတို့ ဘေးကင်းရန်ကင်း ပြန်လည်ထွက်ခွာနိုင်ဖို့အတွက် အစိုးရက ဦးစားပေး ဆောင်ရွက်နေတယ်၊ တနိုင်ငံလုံးရဲ့ အကျိုးစီးပွားကို ထောက်ထားပြီး အခုလို ဆုံးဖြတ်လိုက်တာလို့လည်း ဝန်ကြီးချုပ်က ဆိုပါတယ်။

ဒေသတွင်းလုံခြုံရေး၊ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့် လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ကျင်းပတဲ့ အာဆီယံ အစည်းအဝေးပွဲ အစနေ့မှာကတည်းက လွှမ်းမိုးနေခဲ့တဲ့ ထိုင်းနိုင်ငံရေး ပြဿနာတွေ ဒုတိယနေ့မှာ ပိုမိုကြီးထွား လာခဲ့ တာပါ။ အထူးသဖြင့် အာဆီယံ အစည်းအဝေးပွဲတွေ ဒုတိယနေ့အဖြစ် ကျင်းပမယ့်နေ့ မနက်အစောပိုင်းမှာတုန်းက ဝန်ကြီးချုပ် ထွက်ပေးဖို့ ဆန္ဒပြနေသူ အင်္ကျီအနီဝတ်သူတွေနဲ့ အစိုးရလိုလားသူ ဒေသခံလို့ ဆိုကြတဲ့ အပြာရောင်အင်္ကျီ ဝတ်ဆင် သူတွေကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့လို့ အခြေအနေတွေဟာ ပိုမိုတင်းမာလာခဲ့တာပါ။ အစောပိုင်းဖြစ်ခဲ့တဲ့ ပဋိပက္ခတွေမှာ ဆန္ဒပြသမားတွေနဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ခဲ့တဲ့ အင်္ကျီအပြာဝတ် အစိုးရ လိုလား သူတွေဟာ အာဏာပိုင်တွေက ကျောထောက်နောက်ခံ ပေးထားတဲ့သူတွေ ဖြစ်တယ်ဆိုပြီး ဆန္ဒပြသူတွေဘက်က စွပ်စွဲခဲ့ တာပါ။ ဒီလို ပြဿနာဖြစ်အောင် လုပ်တယ်လို့ စွပ်စွဲခဲ့သူတွေကိုလည်း ၁ နာရီအတွင်း ဖော်ထုတ်အရေးယူဖို့၊ ဒီလိုမှ မလုပ်ရင် ထိပ်သီးအစည်းအဝေးပွဲ ကျင်းပရာနေရာကို ဝင်လာမယ်ဆိုပြီး ရာဇသံပေးခဲ့တာပါ။

သတ်မှတ်ထားတဲ့အချိန် ကျော်လွန်လာတဲ့ နောက်ပိုင်းမှာတော့ ထိပ်သီးအစည်းအဝေးပွဲကျင်းပရာ ဟိုတယ်ခန်းမအနီးကို ဆန္ဒပြသူတွေ ဝိုင်းဝန်းလာခဲ့ကြပြီး နောက်ဆုံးမတော့ လုံခြုံရေးတွေ ဝိုင်းဝန်းပိတ်ဆို့ထားတာတွေကို ကျော်လွန်ပြီး
ဝင်ပေါက်၀ မှန်တံခါး တချပ်ကို ချိုးဖျက်ပြီး ဆန္ဒပြသူတွေ ဝင်လာခဲ့ကြတာပါ။ ဒီနောက်တော့ အစည်းအဝေး ကျင်းပဖို့ရှိတဲ့ နေရာတွေ၊ နောက် အာဆီယံခေါင်းဆောင် တချို့နေထိုင်ကြတဲ့ နေရာအနီးတဝိုက်အထိ ဆန္ဒပြသူတွေက ဝင်ရောက် နိုင်ခဲ့တာပါ။ ဆန္ဒပြသူတွေဘက်ကတော့ သူတို့လုပ်ရပ်နဲ့ ပတ်သက်လို့ ပြောတဲ့နေရာမှာ သူတို့အနေနဲ့ အစည်းအဝေးကို ဖျက်လိုဖျက်ဆီး လုပ်လိုတဲ့ ရည်ရွယ်ချက် မရှိဘူး၊ မလွှဲသာ မရှောင်သာ အခုလို လုပ်ရတာသာ ဖြစ်တယ်လို့ဆိုပါတယ်။

“ဒီလို အင်္ကျီအပြာဝတ်ဆင်ထားသူတွေဟာ ဘယ်သူဖြစ်နိုင်မလဲ၊ ဟိုတယ်အနီးအနားအထိ အခုလိုရောက်လာနိုင်တာ ဘာကြောင့်လဲ၊ ဒါတွေဟာ အစိုးရရဲ့ ပါဝင်ပတ်သက်မှုတွေ ရှိနေတယ်။ ဒါကြောင့်မို့လို့လည်း ပြောထားတဲ့အတိုင်း ထိပ်သီး အစည်းအဝေးပွဲ ကျင်းပရာ ဟိုတယ်ထဲအထိ သူတို့ဝင်ရောက်လာရတာ ဖြစ်တယ်။” ဆိုပြီး ဆန္ဒပြနေကြတဲ့ အာဏာရှင် ဆန့်ကျင်ရေး ဒီမိုကရေစီညီညွတ်ရေး တပ်ဦး UDD အဖွဲ့ခေါင်းဆောင် တဦးဖြစ်တဲ့ အရီဆမန် ပွန်ရူရန်ဂရွန် က သတင်းထောက်တွေကို သူတို့ သိမ်းပိုက်ထားတဲ့ ဟိုတယ်ခမ်းမတခုထဲမှာ ပြောလိုက်တာပါ။ အစောပိုင်း ထိပ်တိုက် ရင်ဆိုင်မှုတွေ အတွင်းမှာတော့ ၂ ဖက်စလုံးက လက်နက်တွေ ကိုင်ဆောင်ထားကြပြီး သေနတ်နဲ့ ပစ်ခတ်တာမျိုးတွေအထိ ရှိတယ်လို့လည်း ဆိုကြပါတယ်။ ဆန္ဒပြသူတွေဖက်ကတော့ ဒီလိုပဋိပက္ခကြောင့် သူတို့ဖက်က ၁၂ ဦးလောက် ထိခိုက် ဒဏ်ရာတွေ ရခဲ့တယ်လို့လည်း ပြောပါတယ်။ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် ဆူထေ့ ကတော့ ဆန္ဒပြသူတွေ စွပ်စွဲ ပြောဆို နေတာတွေ ကိုငြင်းပယ်သွားပြီး ထိခိုက်ဒဏ်ရာရသူ ဟာလည်း ၁ ဦးသာ ရှိခဲ့တယ်ဆိုပြီး ပြောပါတယ်။ အခုနောက်ဆုံး အရေးပေါ် အုပ်ချုပ်ရေး ကြေညာပြီးတဲ့နောက်မှာတော့ ထိပ်သီးအစည်းအဝေးပွဲအတွက် ရောက်လာကြတဲ့ ဒေသတွင်း နိုင်ငံတွေက ခေါင်းဆောင်တွေလည်း ရဟတ်ယာဉ်တွေနဲ့ အသီးသီး ပြန်လည် ထွက်ခွာကုန်ကြပါပြီ။ ဒါဟာဆိုရင် ထိုင်းနိုင်ငံ က နိုင်ငံရေးပြဿနာတွေကြောင့် ရွှေ့ဆိုင်းလာခဲ့ရတဲ့ ထိပ်သီး အစည်းအဝေးပွဲကို ဒုတိယအကြိမ် ရွှေ့ဆိုင်းခဲ့ရတာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG