သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုံးကျည်ကိစ္စ မြောက်ကိုရီးယားကို ကုလ ရှုတ်ချမည်


မကြာသေးခင်က မြောက်ကိုရီးယားက တာဝေးပစ်ဒုံးကျည်တစင်း စမ်းသပ်ပစ်လွှတ်တဲ့အပေါ် ပြစ်တင်ရှုတ်ချတဲ့ ကြေညာ ချက် မူကြမ်း တစောင်ကို တနင်္လာနေ့ အစောဆုံးထား တုံ့ပြန်ဖို့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် ၅ နိုင်ငံဖြစ်တဲ့ အမေရိကန်၊ ရုရှား၊ တရုတ်၊ ပြင်သစ်၊ ဗြိတိန် နိုင်ငံတွေနဲ့ ဂျပန်နိုင်ငံတို့ သဘောတူညီချက် ရရှိခဲ့ကြပါတယ်။ ဒီမူကြမ်းကို အဲဒီ ၆ နိုင်ငံက လုံခြုံရေးကောင်စီကို တင်သွင်းခဲ့ပြီးတော့ အဲဒီလို ဒုံးကျည် ပစ်လွှတ်စမ်းသပ်မှု မပြုရ ဆိုတဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် အမှတ် (၁၇၁၈) ကို မြောက်ကိုရီးယားက အပြည့်အ၀ လိုက်နာဖို့နဲ့ နောက်ထပ် ဒီလို ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုတွေ မလုပ်ဖို့ကိုလည်း အဲဒီကြေညာချက် မူကြမ်းမှာဖော်ပြထားပါတယ်။

ရပ်ဆိုင်းနေတဲ့ မြောက်ကိုရီးယား နျူကလီးယားဆိုင်ရာ ၆ နိုင်ငံ ဆွေးနွေးပွဲ ပြန်စဖို့ကိုလည်း အဲဒီကြေညာချက် မူကြမ်းထဲ မှာပဲ တောင်းဆိုထားပါတယ်။ ဒီမူကြမ်းဟာ နိုင်ငံတကာက အပြစ်မပေးဘဲ နေမှာမဟုတ်ဘူးလို့ မြောက်ကိုရီးယားကို လုံခြုံရေးကောင်စီက တညီတညွတ်တည်း ရှင်းရှင်းလင်းလင်း အသိပေးလိုက်တာ ဖြစ်တဲ့ သတင်းစကား ဖြစ်ကြောင်း ကုလ သမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဆူဇန်ရိုက်စ် က ပြောဆိုပါတယ်။ လုံခြုံရေးကောင်စီ တံခါးပိတ် အစည်းအဝေး ကနေ တရားဝင်ကြေညာချက် ထွက်ပေါ်လာမှ ဒီကြေညာချက်အသေးစိတ်ကို သိကြရမှာပါ။

ဂျပန်ဝန်ကြီးချုပ် တာရိုအာဆို၊ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် နဲ့ တောင်ကိုရီးယား သမ္မတ လီမျောင်ဘတ် တို့ ထိုင်းနိုင်ငံ ပတ္တယား ကမ်းခြေက အာဆီယံ အပေါင်း ၆ နိုင်ငံ ထိပ်သီးဆွေးနွေးပွဲ သီးသန့်တွေ့ဆုံပွဲတွေမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးတဲ့ နောက် လုံခြုံရေးကောင်စီအတွက် မြောက်ကိုရီးယားဆိုင်ရာ ကြေညာချက်မူကြမ်း ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG