အမေရိကန်ကုန်တင်သင်္ဘောကြီး မားစ်က် အယ်လာဘားမား (Maersk Alabama) ဟာ ဆိုမားလီးယား ပင်လယ်ဓားပြတွေ စီးနင်းသိမ်းပိုက်မှုကို ခံခဲ့ရပြီးတဲ့နောက် ကင်ညာနိုင်ငံက မွန်ဘာဆာ (Mombasa) ဆိပ်ကမ်းမြို့ကို စနေနေ့ညမှာ လုံလုံခြုံခြုံ ဆိုက်ကပ်နိုင်ခဲ့ပါတယ်။ အခု ဒီသင်္ဘောကြီးကို အခင်းဖြစ်ပွားရာနေရာအဖြစ် သတ်မှတ်ပြီး အမေရိကန်က ရောက်ရှိလာတဲ့ FBI စုံထောက်တွေက လေယာဉ်ဝန်ထမ်းတွေကို စုံစမ်းစစ်ဆေးမှုတွေ စတင်နေပါတယ်။
နောက်ထပ်လုပ်ရမှာကတော့ ဒီသင်္ဘောကြီးရဲ့ ၀န်ထမ်းတွေ အိမ်ပြန်ပို့ဖို့နဲ့ သင်္ဘော ကပ္ပတိန် ရစ်ချတ် ဖိလစ် ကို ကယ်တင် ရေးပဲ ဖြစ်တယ်လို့ အဲဒီသင်္ဘောကြီးရဲ့ ပိုင်ရှင် မားစ်က် ကုမ္ပဏီရဲ့ ဥက္ကဌ ဂျွန်ရိန်းဟက် က ဆိုပါတယ်။ အနည်းဆုံး အမေရိကန်ရေတပ် စစ်ရေယာဉ်နှစ်စီး ရှိနေတဲ့ ဆိုမားလီးယားကမ်းလွန် ကီလိုမီတာ ၅၀၀ အကွာလောက်မှာ အသက်ကယ် လှေတစီးပေါ်မှာ ကပ္ပတိန် ဖိလစ်နဲ့ သူ့ကို ဖမ်းဆီးထားတဲ့ ပင်လယ်ဓားပြတွေ ရှိနေပါတယ်။
ကြားဝင်စေ့စပ်ပေးတဲ့သူ ပါဝင်တဲ့သင်္ဘောတစီးဟာ အဲဒီအသက်ကယ်လှေဆီကို ခုတ်မောင်းသွားနေပြီလို့ ဆိုမားလီးယား မီဒီယာတွေက ဖော်ပြကြပါတယ်။ ဒီနေ့မနက် မြန်မာစံတော်ချိန် ၂ နာရီခွဲလောက်အချိန်မှာတော့ အဲဒီ ဧဒင်ပင်လယ်ကွေ့ မှာပဲ အီတလီအလံတင်ထားတဲ့ ဆွဲသင်္ဘောတစီးဟာ ပင်လယ်ဓားပြတွေရဲ့ စီးနင်းသိမ်းပိုက်ခံခဲ့ရပါတယ်။ အဲဒီ သင်္ဘော ပေါ်မှာ ရေယာဉ်ဝန်ထမ်းဖြစ်သူတွေကတော့ အီတလီ ၁၀ ဦး၊ ရိုမေးနီးယား ၅ ဦးနဲ့ ခရိုအေးရှန်း ၁ ဦးတို့ ဖြစ်ကြပါတယ်။