ထိုင်းနိုင်ငံမှာ ဆန္ဒပြပွဲတွေကို ဦးဆောင်သူ ၄ ဦးက အာဏာပိုင်တွေဆီမှာ ကိုယ်တိုင်သွားပြီး အဖမ်းခံခဲ့ကြပါတယ်။ ဘန်ကောက်မြို့တော်က အစိုးရရုံး အဆောက်အဦးတွေကို အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေက သီတင်းသုံးပတ်ကြာ စီးနင်းသိမ်းပိုက်ထားတာလည်း အဆုံးသတ်သွားပါပြီ။
ဘန်ကောက်မြို့တော်က အစိုးရရုံး အပြင်ဘက်မှာ အလျှော့မပေးသေးတဲ့ ဆန္ဒပြသူ ၂,၀၀၀ လောက်အထိက ဆက်ပြီး စုဝေးနေကြသလို စစ်တပ်ကလည်း တဖြည်းဖြည်း ချဉ်းကပ်လာတာနဲ့အမျှ ဆန္ဒပြပွဲတွေကို ငြိမ်းငြိမ်းချမ်းချမ်း အဆုံးသတ် ကြဖို့ ဆန္ဒပြခေါင်းဆောင်တွေက ဒီကနေ့မှာ ဆော်သြခဲ့တာပါ။
ဝန်ကြီးချုပ် နှုတ်ထွက်ပေးပြီး ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပဖို့ တောင်းဆိုထားတာကို လိုက်လျောဖို့အတွက် ဖြုတ်ချ ခံလိုက်ရတဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ကို ထောက်ခံသူတွေက ၀န်ကြီးချုပ်ရုံး အပြင် ဘက်မှာ စခန်းချ ၀န်းရံထားခဲ့ကြပါတယ်။
တောင်းဆိုထားတဲ့ နှစ်ချက်စလုံးကို ၀န်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝ (Abhisit Vejjajiva) က ပယ်ချခဲ့ပါတယ်။
ပြီးခဲ့တဲ့လ နှောင်းပိုင်းကတည်းက ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ တနင်္လာနေ့မှာတော့ ထိန်းမနိုင်သိမ်းမရ ဖြစ်ခဲ့ပြီး လမ်းပေါ် ရုန်းရင်းဆန်ခတ်မှုတွေကြောင့် လူ ၂ ယောက်သေ၊ ၁၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
ဘန်ကောက်မြို့ လမ်းတွေပေါ်က ရုန်းရင်းဆန်ခတ်မှုတွေကို ဦးဆောင်ခဲ့တဲ့ ဆန္ဒပြခေါင်းဆောင် ၄ ဦးကို စစ်ဆေးဖို့အတွက် ဖမ်းဆီးလိုက်တယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ဒီကနေ့ သတင်းထောက်တွေကို ပြောပါတယ်။