သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယား အစီအစဉ် ပြန်စမယ်လို့  မြောက်ကိုရီးယား ကြုံးဝါး


မြောက်ကိုရီးယားရဲ့ တာဝေးပစ်ဒုံးကျည် ပစ်လွှတ်မှုအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဝေဖန်ပြစ်တင်လိုက်တဲ့အပေါ် မြောက်ကိုရီးယားက ဒေါသတကြီး ပြန်လည် တုံ့ပြန်လိုက်ပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယား နျူကလီးယားလက်နက် ဖြုတ်သိမ်းရေး နိုင်ငံတကာ ဆွေးနွေးပွဲကို လက်မခံဘဲ သူ့ရဲ့ နျူကလီးယားစက်ရုံတွေကို ပြန်ဖွင့်လှစ်ပြီး နျူကလီးယား လက်နက် ထုတ်လုပ်မှုတွေ လုပ်သွားမယ်လို့ မြောက်ကိုရီးယားအစိုးရက ပြောပါတယ်။ ဒီအကြောင်း ဆိုးလ်မြို့ကနေ ဗွီအိုအေ သတင်းထောက် ကာ့တ် အာချင်း (Kurt Achin) သတင်းပေးပို့ထားတာကို ကိုသားညွန့်ဦးက တင်ပြပေးထား ပါတယ်။

နျူကလီးယားလက်နက် ထုတ်လုပ်မှုတွေ ပြန်လုပ်သွားမယ်လို့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အပေါ် တုံ့ပြန်ပြီး အင်္ဂါနေ့ မှာ မြောက်ကိုရီးယားက ကြေညာ ကြုံးဝါးလိုက်တာပါ။ မြောက်ကိုရီးယားရဲ့ တာဝေးပစ်ဒုံးကျည် ပစ်လွှတ်မှုကို ဝေဖန်ထား တဲ့ လုံခြုံရေးကောင်စီဥက္ကဋ္ဌ ထုတ်ပြန်ချက်ဟာ တကယ်တော့ မြောက်ကိုရီးယားလူထုရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် လုပ်တာဖြစ်တယ်လို့ မြောက်ကိုရီးယားက ကြေညာပါတယ်။

အဲဒီအထဲမှာတော့ မြောက်ကိုရီးယား နျူကလီးယားလက်နက် အဆုံးသတ်ရေး နိုင်ငံတကာဆွေးနွေးပွဲဟာ မလိုအပ်တော့ တာကြောင့် မြောက်ကိုရီးယားအနေနဲ့ ဒီ ၆ ပါတီ ဆွေးနွေးပွဲမှာ ပါဝင်တော့မှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။ ဒါ့အပြင် ယခင် နိုင်ငံတကာ သဘောတူညီချက်အရ ပိတ်ထားရတဲ့ နျူကလီးယားစက်ရုံတွေကို ပြန်ဖွင့်လှစ်မယ်လို့ ဒီကြေညာချက်မှာ ဖော်ပြပါတယ်။ နျူကလီးယားရန် ကာကွယ်ရေး မြှင့်တင်ဖို့ သိုလှောင်ထားတဲ့ နျူကလီးယား လောင်စာချောင်းတွေကို အသုံး ပြုနိုင်တဲ့ အဆင့်အထိ တိုးမြှင့်လုပ်ကိုင် ဆောင်ရွက်သွားမယ်လို့လည်း ဖော်ပြပါတယ်။

ဒီမတိုင်ခင် နာရီပိုင်းကတော့ လွန်ခဲ့တဲ့နှစ်ပတ်တုန်းက ဂျပန်နိုင်ငံကိုကျော်ပြီး မြောက်ကိုရီးယားက တာဝေးပစ်ဒုံးကျည် ပစ်လွှတ်တဲ့အပေါ် တရုတ်နိုင်ငံ အပါအဝင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေက တညီတညွတ်တည်း ဝေဖန် ပြစ်တင်လိုက်ပါတယ်။ မြောက်ကိုရီးယားအနေနဲ့ ၂၀၀၆ နျူကလီးယား စမ်းသပ်မှုအပြီး လုံခြုံရေးကောင်စီက ချမှတ်ခဲ့တဲ့ အရေးယူမှု ကို ပိုပြီးအားကောင်းခိုင်မာအောင် ဆောင်ရွက်ဖို့ ကုလသမဂ္ဂ အဖွဲ့ဝင်တွေကို အဲဒီကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး မွန်တေယမ်း (Moon Tae-young) ကတော့ တောင်ကိုရီးယားအနေနဲ့ ဒါကို လိုက်နာ မယ်လို့ ပြောပါတယ်။

“ကုလသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူရေး အကြံပေးမှုတွေအတိုင်း အခိုင်အမာ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ တောင် ကိုရီးယားအနေနဲ့ အခြားနိုင်ငံတွေနဲ့ လက်တွဲသွားမယ်” လို့ ပြောသွားပါတယ်။

တောင်ကိုရီးယားအနေနဲ့ PSI လက်နက်ထိန်းချုပ်ရေး လုံခြုံရေးဆိုင်ရာ သဘောတူညီချက်မှာ မကြာခင် အပြည့်အ၀ ပါဝင်ဖို့ မျှော်လင့်ထားပါတယ်။ ဒါဟာ နိုင်ငံပေါင်း ၉၀ နီးပါး ပါဝင်တဲ့ အမေရိကန်ဦးဆောင်တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ လူတွေ အစုလိုက်အပြုံလိုက် သေစေနိုင်တဲ့ စစ်လက်နက်ပစ္စည်းတွေ သယ်ယူပို့ဆောင်မှုကို ဟန့်တားဖို့ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့တခု ဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ ၆ ပါတီ ဆွေးနွေးပွဲရဲ့ သဘောတူညီချက် အစိတ်အပိုင်းတရပ် အနေနဲ့ ပြီးခဲ့တဲ့နှစ်တုန်းက သူ့ရဲ့ အဓိက နျူကလီးယားစက်ရုံကို ပိတ်ပစ်ခဲ့ပါတယ်။ အခုတော့ ဒီ ယုံဗြောင်းဓာတ်ပေါင်းဖိုကို မြောက်ကိုရီးယားအနေနဲ့ ပြန် အသက်သွင်းနိုင်တယ်၊ ဒီအတွက် အချိန်တော့ ပြန်ယူရမယ်လို့ ဆိုးလ်အခြေစိုက် ICG အဖွဲ့က သုတေသီ ဒန် ပင့်က်ဆန် (Dan Pinkson) က ပြောပါတယ်။

“ဒီစက်ရုံကို ပြန်လည် တည်ဆောက်လာနိုင်ပါတယ်။ ဒါပေမယ့်လည်း တနှစ် နှစ်နှစ်တော့ အချိန်ယူရနိုင်ပါတယ်။ ဒီထက် လည်း ပိုကြာနိုင်ပါတယ်။ ဒါပေမဲ့လည်း သူတို့ဘက်က ဒါကို ပြန်ဖွင့်ဖို့ ပိုင်းဖြတ်ထားရင်တော့ ယုံဗြောင်းမှာ စက်ရုံတွေကို ပြန်လုပ်လို့ရပါတယ်။”

တောင်ကိုရီးယား တာဝန်ရှိသူတွေကတော့ အခြေအနေတွေအပေါ် အကောင်းမြင်နေဆဲ ရှိပါတယ်။ မြောက်ကိုရီးယားကို ၆ ပါတီဆွေးနွေးပွဲဆီကို တဖြည်းဖြည်းချင်း ပြန်ခေါ်နိုင်အောင် စည်းရုံးနားချလို့ ရနိုင်ပါတယ်လို့ ယူဆနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG