သုံးရလွယ်ကူစေသည့် Link များ

ရိုဟင်ဂျာတွေရှိတဲ့ ရခိုင်ဒေသ ဖွံဖြိုးရေး စစ်အစိုးရ ကူညီမည်


အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ အင်္ဂါနေ့စပြီး နှစ်ရက်ကြာ လုပ်ခဲ့တဲ့ ဒေသတွင်း ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးအတွင်း ဒေသတွင်း ဂယက်ထနေတဲ့ လှေစီးပြေး ရိုဟင်ဂျာ အရေးကိစ္စကို တတ်ရောက်လာတဲ့ နိုင်ငံ ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံအနေနဲ့တော့ ရိုဟင်ဂျာတွေရှိနေတဲ့ ရခိုင်ပြည်နယ်အတွင်း လူမှုရေး ဖွံဖြိုးရေး လုပ်ငန်းတွေမှာ နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်သွားလိုတယ်လို့ ပြောပါတယ်။ အကြောင်းစုံ စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက ပြောပြပါမယ်။

အခု အစည်းအဝေးဟာ ဒေသတွင်း ရွှေ့ပြောင်းနေထိုင်မှုနဲ့ ပတ်သက်လို့ ဖြစ်ပေါ်လာတဲ့ ရာဇဝတ်မှုတွေ လူကုန်ကူးမှု ပြဿနာတွေ ဒါတွေကို ဖြေရှင်းဖို့အတွက် အင်ဒိုနီးရှားနဲ့ သြစတေးသျှတို့ ဦးဆောင်ခဲ့တာပါ။ အခု အစည်းအဝေးကတော့ တတိယအကြိမ် ကျင်းပတာဖြစ်ပြီး နိုင်ငံပေါင်း ၆၀ကျော်က ကိုယ်စားလှယ်တွေ တတ်ရောက်ပါတယ်။ ဒီအစည်းအဝေးမှာပဲ မြန်မာနဲ့ ဘင်္ဂလားဒေ့်ရ်ှကလာတယ်ဆိုပြီး အငြင်းပွားဖွယ်ဖြစ်နေတဲ့ လှေစီးပြေးရိုဟင်ဂျာတွေ အရေးကိစ္စကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Teuku Faizashar တီကူး ဖိုင်ဆာရှားက ဗွီအိုအေကို အခုလိုပြောပါတယ်။

"အခုဆွေးနွေးပွဲမှာ ဒေသတွင်းလူတွေ ပြောင်းရွှေ့သွားလာမှုနဲ့ပတ်သက်လို့ ပြောကြဆိုကြတဲ့ နေရာမှာ အခု ဒီ ရိုဟင်ဂျာကိစ္စဟာ တခုအပါအဝင်ဖြစ်ပါတယ်။ နေ့လည်စာ စားသုံးကြရင်းနဲ့ ဆွေးနွေးကြတဲ့ အကြောင်းရပ်တခုပါ။ သူတို့ မူလ လာရောက်တဲ့ တိုင်းပြည်က ကိုယ်စားလှယ်တွေ၊ သူတို့ရောက်သွားတဲ့ တိုင်းပြည်က ကိုယ်စားလှယ်တွေ အခြား ဒီကိစ္စကို စိုးရိမ်ပူပင်တဲ့ တိုင်းပြည် ကိုယ်စားလှယ်တွေဟာ ဒီကိစ္စနဲ့ပတ်သက်လို့ သူတို့ရဲ့ အမြင်တွေ ဘယ်လို အဖြေရှာမလဲဆိုတာတွေ အပြန်အလှန် ဖလှယ် ဆွေးနွေးခဲ့ကြပါတယ်။ အစည်းအဝေးအတွင်း ရွှေ့ပြောင်းသွားလာတဲ့ ဒုက္ခသည်တွေကိစ္စ ပြောဆိုတော့လည်း ဥပမာပေး ပြောဆိုကြတဲ့အထဲမှာလည်း ဒီ ရိုဟင်ဂျာကိစ္စတွေ ပါဝင်ပါတယ်။"

မြန်မာနိုင်ငံဘက်ကတော့ မြန်မာနိုင်ငံခြားရေး ဒုတိယဝန်ကြီးနဲ့ ရဲချုပ်တို့ ဦးဆောင်ပြီး တတ်ရောက် ဆွေးနွေးခဲ့တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဌာနက ပြောပါတယ်။ လှေစီးပြေး ရိုဟင်ဂျာတွေ ထွက်ပြေးရောက်ရှိလာတဲ့ ထိုင်း အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတို့က ဒါကို အဓိက တင်ပြ ဆွေးနွေးခဲ့ပြီး၊ မြန်မာနိုင်ငံဘက်ကတော့ ဒီပြဿနာ ဖြေရှင်းရေးမှာ ပူးပေါင်း ဆောင်ရွက်မယ့် သဘောထား ထုတ်ဖော်ပြောခဲ့တယ်လို့ မစ္စတာ ဖိုင်ဆာရှားက ပြောပါတယ်။

ဒီကိစ္စကို ဖြေရှင်းဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက် သွားလိုတယ်ဆိုတာကို မြန်မာ အာဏာပိုင်တွေ ဘက်က ပြသခဲ့ပါတယ်။ အနည်းဆုံးတော့ ဒီရိုဟင်ဂျာတွေ ရှိနေတဲ့ ရခိုင်ဒေသမှာ လူမှုဖွံဖြိုးမှုလုပ်ငန်းတွေမှာ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ရိုဟင်ဂျာ အရေးကိစ္စကို ပြဿနာ ရင်ဆိုင်နေရတဲ့ နိုင်ငံ နှစ်ဘက်အကြား ဆွေးနွေးတာမျိုးရှိသလို၊ အခုလို နိုင်ငံတကာ အဆင့်၊ ဒေသ အဆင့် ပူးပေါင်းဆောင်ရွက်မှုနဲ့လည်း ဖြေရှင်းဖို့ ကြိုးစားသွားမယ်လို့ အင်ဒိုနီးရှားကတော့ ပြောပါတယ်။ ဒါပေမဲ့ အခု ဘာလီ အစည်းအဝေးမှာ တထိုင်တည်း သဘော အဖြေထုတ်နိုင်မှာတော့ မဟုတ်ဘဲ ဒါကို လုပ်ငန်းစဉ် တရပ်အနေနဲ့ အချိန်ယူ လုပ်သွားရမယ့် သဘောရှိတယ်လို့လည်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ဖိုင်ဆာရှားက ပြောပါတယ်။

“ဒါက အခုတခါတည်း ပြီးသွားမယ့် ကိစ္စမဟုတ်ဘဲ လုပ်ငန်းစဉ် တရပ်လို လုပ်သွားရမယ့် ကိစ္စပါ။ အခု မြန်မာနိုင်ငံက ရိုဟင်ဂျာ ကိစ္စ အပါအဝင် ဒေသတွင်း ရွေ့ပြောင်း သွားလာသူများအရေး ကိုင်တွယ်ဖြေရှင်းဖို့ကို ဒီ ဘာလီ လုပ်ငန်းစဉ် ဆွေးနွေးပွဲဟာ အကောင်းဆုံးနေရာ တခုလို့ ကျနော်တို့ ယူဆပါတယ်။”

အခု နှစ်ဆန်း ဇန်နဝါရီနဲ့ ဖေဖဝါရီလ အတွင်းမှာ လှေစီးပြေး ရိုဟင်ဂျာအချို့ ထိုင်းနိုင်ငံကိုရောက်၊ အဲဒီမှာ ထိုင်းစစ်တပ်က ပင်လယ်ထဲ မောင်းထုတ်လိုက်လို့ အင်ဒိုနီးရှား နိုင်ငံကို အချို့ရောက် အချို့ ပင်လယ်ထဲ သေဆုံးကုန်ရင်းနဲ့ ဒီကိစ္စ ဒေသတွင်းမှာ အတော်လေး ဂယက်ထခဲ့တာပါ။ ထိုင်းနိုင်ငံက မြန်မာအစိုးရနဲ့ တိုက်ရိုက် စကားပြောဖြေရှင်းဖို့ ကြိုးစားခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ဒါကို ဘာလီ အစည်းအဝေးမှာ အဓိကထား ဆွေးနွေးကြမယ်ဆိုပြီး သဘောတူ ထားခဲ့ကြတာပါ။ အခုတော့ မြန်မာ အစိုးရအနေနဲ့ ရိုဟင်ဂျာတွေ ရှိနေတဲ့ ဒေသ ဖွံဖြိုးရေးမှာ နိုင်ငံတကာ အကူအညီတွေ ကို လက်ခံပြီး ဆောင်ရွက်မယ့် သဘောတွေ့ရပါတယ်။ ဒီကနေပဲ သြစတေးသျှ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက် မှာတော့ လှေစီးပြေး ရိုဟင်ဂျာတွေ အခြေအနေ တိုးတက်ကောင်းမွန်လာဖို့နဲ့ သူတို့အတွက် စီးပွားလုပ်ငန်း အခွင့်အလမ်းတွေ ရရှိလာစေဖို့ သြစတေးသျှအနေနဲ့ လူသားချင်း စာနာကူညီမှု ထောက်ပံ့ငွေ ၃.၂ သန်း ပေးသွားမယ်လို့ ဖော်ပြပါတယ်။ ဒီငွေတောကို WFP ကမ္ဘာစားနိပ်ရိကာအစီအစဉ် UNDP ဖွံဖြိုးရေးအစီအစဉ်နဲ့ CARE Aus အဖွဲ့တို့ကတဆင့် ထောက်ပံ့ကူညီသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG