သုံးရလွယ်ကူစေသည့် Link များ

ဆိုမာလီပင်လယ်ဓါးပြ ၁၁ ဦး ပြင်သစ် ဖမ်းဆီး


ဗုဒ္ဓဟူးနေ့က ကင်ညာနိုင်ငံရဲ့ ကမ်းလွန်ဒေသမှာ ပြင်သစ် စစ်သင်္ဘော တစင်း က ပင်လယ် ဓားပြ သင်္ဘော တစင်းကို စီးနင်းနိုင်ခဲ့ပြီး ပင်လယ် ဓားပြ ၁၁ ဦးကို ဖမ်းဆီး နိုင်ခဲ့ပါတယ်။ အေဒင် ပင်လယ်ကွေ့မှာ သွားလာနေတဲ့ သင်္ဘောတွေကို အကာအကွယ်ပေးတဲ့ ဥရောပ သမဂ္ဂ (EU) သင်္ဘောအဖွဲ့က စစ်ရေယာဉ် နိုင်ဗို့စ်ပေါ်မှာ ပင်လယ်ဓားပြတွေကို ထိန်းသိမ်း ထားတယ်လို့ ပြင်သစ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

ပင်လယ်ဓားပြတွေကို ကင်ညာနိုင်ငံရဲ့ မွမ်ဘာဆာ ဆိပ်ကမ်း အရှေ့ဘက် ကီလို ၉၀၀ လောက်မှာ ဖမ်းဆီးမိခဲ့တာပါ။ ပင်လယ် ဓားပြတွေဟာ လိုင်ဘေးရီးရား မှတ်ပုံတင် ကုန်တင် သင်္ဘော တစင်းကို တိုက်ခိုက်နိုင်ခဲ့ပြီး သူတို့ တိုက်ခိုက်ဖို့ ကူညီခဲ့တဲ့ ရဟတ်ယာဉ်တစင်းကို ပြင်သစ် စစ်ရေယာဉ်က ခြေရာခံ လိုက်ခဲ့တယ်လို့ ပြင်သစ် အရာရှိတွေက ပြောပါတယ်။

ပင်လယ်ဓားပြတွေရဲ့ သင်္ဘောဟာ ၁၀ မီတာ ရှည်လျားပြီး လောင်စာဆီ လီတာ ၂၀၀ စီပါတဲ့ ဆီ ၁၇ လုံး အပြင်၊ သူတို့
လျှပ်တပြက် စီးနင်းရာမှာ သုံးတဲ့ လှေငယ်နှစ်စင်းပါတယ်လို့ ဆိုပါတယ်။ တချိန်တည်းမှာပဲ အင်္ဂါနေ့က ဆိုမာလီယာ ပင်လယ်ဓားပြတွေ တိုက်ခိုက်တာ ခံရတဲ့ အမေရိကန် ကုန်တင် သင်္ဘော Liberty Sun ဟာ မွမ်ဘာဆာ ဆိပ်ကမ်းကို ဦးတည်ပြီး သွားနေတာ ဖြစ်ပါတယ်။

ဆိုမာလီမှာ အခြေစိုက်ပြီး ဆိုမာလီ ကမ်းလွန်ပင်လယ်ထဲမှာ ဓားပြတိုက်မှုတွေကို အဆုံးသတ်ဖို့အတွက် အမေရိကန်နိုင်ငံ က နည်းမျိုးစုံနဲ့ ကြိုးပမ်းသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ ဒီလို ကြိုးပမ်းရာမှာ ပင်လယ် ဓားပြတွေရဲ့ပိုင်ဆိုင်မှုတွေကို ခြေရာကောက်ပြီး ထိန်းချုပ်ဖို့အတွက် ကြိုးစားမယ့်အပြင် ပင်လယ်ဓားပြတွေရဲ့ အခြေချစခန်းတွေကို ပိတ်ပင် ထိန်းချုပ်နိုင်ဖို့အတွက် ဆိုမာလီ အာဏာပိုင်တွေ လုပ်ဆောင်လာနိုင်ဖို့ လည်း ဖိအားပေးမယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG