သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအနောက်ပိုင်း မုန်တိုင်းကြောင့် ရေကြီးနိုင် NASA သတိပေး


ဘီဂျလီ လေပြင်းမုန်တိုင်းဟာ စနေနေ့ မနက်ပိုင်းစောစောပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့နားက ဖြတ်ကျော် ပြီး မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း ချင်းပြည်နယ်ထဲကို ဝင်ရောက်နေပြီဖြစ်ပါတယ်။ ချင်းပြည်နယ်ကနေ ဒီမုန်တိုင်းဟာ တဖြည်းဖြည်း အားပျော့လာနိုင်ဖွယ်ရှိပြီး စစ်ကိုင်းတိုင်းကို ဖြတ်ပြီး တနင်္ဂနွေနေ့မှာ တရုတ်နိုင်ငံထဲကို ဝင်ရောက်ဖို့ ရှိတယ် လို့ ဆိုပါတယ်။ မုန်တိုင်းသွားရာ လမ်းကြောင်းတလျောက်မှာ ရေကြီးမယ့်အန္တရာယ်ကို သတိထားကြဖို့ အမေရိကန် အာကာသ လေ့လာရေး နာဆာအဖွဲ့ရဲ့ မုန်တိုင်းလေ့လာစောင့်ကြည့်နေသူက ပြောပါတယ်။ အကြောင်းစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

ဆိုင်ကလုန်း ဘီဂျလီ ဟာ စနေနေ့မနက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းနားကနေ ဖြတ်ကျော်ပြီး အရှေ့မြောက် အရပ်ကို ဦးတည်ရွေ့လျား သွားနေရာကနေ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းကိုအဝင်မှာ အရှိန်အနည်းငယ် လျော့ပါး သွားမယ်လို့ အင်တာနက် ကမ္ဘာ့ရာသီဥတု စောင့်ကြည့်လေ့လာရေးအဖွဲ့ Iccuweather က ပြောပါတယ်။ ဒီမုန်တိုင်း တိုက်ခတ်ရာ လမ်းကြောင်းတလျှောက်မှာ မိုးရေချိန် လက်မ ၁၀ လက်မအထက်မှာ ရွာသွန်းနိုင်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်း နဲ့ ဘင်္ဂလားဒေ့ရှ် တောင်ပိုင်းက ပင်လယ်ပြင်မှာ လှိုင်းလုံးတွေဟာ အမြင့်ပေ ၃ ပေကနေ ၆ ပေအထိ စနေနေ့တွေမှာ ရှိနေနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကွက်ကျား လေဆင်နှာမောင်း တိုက်ခတ်မှု တွေလည်း ဖြစ်ပွားနိုင်ပါတယ်လို့ ပြောပါတယ်။

မြန်မာစံတော်ချိန် စနေနေ့မနက် ၃ နာရီအချိန်က ထုတ်ပြန်တဲ့ ဟာဝိုင်အီ ကျွန်းက Pearl Harbor မှာရှိတဲ့ အမေရိကန် ရေတပ် ပူးတွဲ မုန်တိုင်းသတိပေးရေး ဗဟိုဌာနရဲ့ မုန်တိုင်းသတိပေးချက်ထဲမှာလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကုန်တွင်းပိုင်းထဲ ဝင်ရောက် သွားတဲ့ မုန်တိုင်း ဘီဂျလီ ဟာ အတော်ကို အားပျော့သွားမယ်လို့ ဖော်ပြထားပါတယ်။ ဘင်္ဂလားဒေ့ရှ် ကနေ အိန္ဒိယနိုင်ငံအရှေ့ပိုင်းကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံထဲ ဝင်ရောက်ချိန်မှာ သတိပေးရမယ့် ပြင်းအားအဆင့် ၃၅ နော့ချ် မှာ မရှိတော့ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ဒီသတိပေးချက်ဟာ နောက်ဆုံးသတိပေးချက်လို့လည်း ဖော်ပြထားပါတယ်။ အမေရိကန် အာကာသလေ့လာရေး နာဆာ ရဲ့ ဂေါဒက် (Goddard) မုန်တိုင်းစောင့်ကြည့်ရေးအဖွဲ့ တာဝန်ခံ ရောဘတ် ဂူထရို (Robert Gutro) ကတော့ မုန်တိုင်းရဲ့ပြင်းအား လျော့ပါးသွားပေမဲ့ မိုးရွာသွန်းမှု အခြေအနေဟာ ပြင်းထန်တာမို့ ရေကြီးမယ့်အန္တရာယ်ကို သတိထား သင့်တယ်လို့ ပြောပါတယ်။

“နာဆာ နဲ့ ဂျပန် အာကာသ အေဂျင်စီတို့ရဲ့ TRMM ဂြိုလ်တု တိုင်းတာရေးအရဆိုရင် အပူပိုင်းဆိုင်ကလုန်း ဘီဂျလီ ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းဒေသ နဲ့ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသတွေမှာ မိုးကြီးစေနိုင်ပါတယ်။ အခုလောလောဆယ် တနာရီကို ၂ လက်မနှုန်းနဲ့ ရွာနေတဲ့အပြင် ပင်လယ်ပြင်မှာလည်း လှိုင်းကြီးတာမို့လို့ ကမ်းရိုးတန်း ဒေသမှာ နေသူတွေအတွက် ရေကြီးမယ့် အန္တရာယ်ကို သတိထားသင့်ပါတယ်။ တောင်တန်းဒေသတွေမှာတော့ မိုးကြီးလို့ မြေပြိုမယ့် အန္တရာယ် ရှိနေပြီး မုန်တိုင်းဖြတ်သန်းတဲ့အချိန်တွေမှာ ခရီးမသွားသင့်ပါဘူး။”

နာဆာ အာကာသ သိပ္ပံယာဉ် အပူပိုင်းဒေသ မုန်တိုင်းစောင့်ကြည့်ရေးအဖွဲ့ တာဝန်ခံ ရောဘတ် ဂူထရို က ပြောသွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG