အီရန်နိုင်ငံမှာ အဖမ်းခံနေရတဲ့ အီရန်နွယ်ဖွား အမေရိကန်သူ အမျိုးသမီး စာနယ်ဇင်းသမား ရိုဆာနာ စာဘီရီ (Roxana Saberi) ကို အမေရိကန်နိုင်ငံအတွက် သူလျှိုလုပ်မှုနဲ့ အီရန်တရားရုံးက စနေနေ့က ထောင်ဒဏ် ၈ နှစ်ချမှတ်လိုက်တယ်လို့ သူမရဲ့ ရှေ့နေက ပြောပါတယ်။ တရားရုံးဆုံးဖြတ်ချက်ကို အယူခံဝင်မယ်လို့ အမေရိကန်-အီရန် နှစ်နိုင်ငံသား ခံယူထားတဲ့ အသက် ၃၁ နှစ်ရှိသူ မစ္စ စာဘီရီ ရဲ့ ရှေ့နေက ပြောဆိုပါတယ်။
အီရန်နိုင်ငံမှာ ဇန်န၀ါရီလကတည်းက သတင်းလုပ်ငန်းလာရောက် လုပ်ကိုင်နေတဲ့ မစ္စ စာဘီရီ ဟာ တည်ဆဲစာနယ်ဇင်း ဥပဒေတွေကို ဖောက်ဖျက်ပြီး သတင်းလုပ်ငန်းတွေ လုပ်ကိုင်နေတယ်ဆိုတဲ့ စွဲဆိုချက်နဲ့ အီရန်အာဏာပိုင်တွေက ပြီးခဲ့တဲ့ ဇန်န၀ါရီလက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ သူမဟာ စာနယ်ဇင်းသမား မျက်နှာဖုံးစွပ်ပြီး ကန့်သတ်ထားတဲ့ အီရန်ရဲ့ သတင်း အချက်အလက်တွေကို အမေရိကန် ထောက်လှမ်းရေး အဖွဲ့အစည်းတွေကိုပေးပို့နေတယ်လို့လည်း ပြီးခဲ့တဲ့ မတ်လက အီရန် အာဏာပိုင်တွေက ကြေညာခဲ့ပြီးတော့ ဒီစွပ်စွဲချက်ဟာ အခြေအမြစ်မရှိဘူးလို့ အမေရိကန်ပြည်ထောင်စုက ရှုတ်ချခဲ့ပါ တယ်။
နောက်ထပ် အမေရိကန် သတင်းသမားတွေရဲ့ သတင်းတပုဒ်မှာတော့ မတ်လ ၁၇ ရက်က တရုတ် မြောက်ကိုရီးယား နယ်စပ်မှာ အဖမ်းခံခဲ့ရတဲ့ အမေရိကန် ရုပ်မြင်သံကြား အမျိုးသမီးသတင်းထောက်နှစ်ဦး ပြန်လည် လွတ်မြောက်ရေး အတွက် သံတမန်ရေး ကြိုးပမ်းချက်အဖြစ် ဆွစ်ဇာလန်နိုင်ငံက အရာရှိတဦးက ကြားဝင် ဆောင်ရွက်ပေးနေပါတယ်။ အမျိုးသမီး သတင်းထောက် ၂ ယောက်ဖြစ်တဲ့ လော်ရာလင်း နဲ့ ယူနာလီး တို့ကို အဲဒီ ဆွစ်ဇာလန် သံတမန်က သွားရောက် တွေ့ဆုံခဲ့တယ် လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF ကတော့ မြောက်ကိုရီးယားကို ပြစ်တင်ရှုတ်ချနေပြီး သတင်းထောက်နှစ်ယောက်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။