သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိက တိုက်နိုင်ငံများ လက်တွဲရပ်တည်ရေး သမ္မတ အိုဘားမား တိုက်တွန်း


Trinidad နဲ့ Tobago ကျွန်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ အမေရိကန်တိုက်နိုင်ငံများ ထိပ်သီးညီလာခံကနေ အမေရိကတိုက်နိုင်ငံ တွေအကြား ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ဓါတ်သစ်တွေ ပေါ်ပေါက်စေခဲ့တယ်ဆိုပြီး အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား က ချီးကျူးပြောဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ အိမ်နီးချင်းနိုင်ငံတွေရဲ့ ပြောဆိုချက်တွေအပေါ် အလေးထားမယ့် တန်းတူ ပူးပေါင်း ပါဝင်တဲ့ နိုင်ငံတခုလို့လည်း ဆိုပါတယ်။ ပဉ္စမမြောက် ထိပ်သီးဆွေးနွေးပွဲအပြီး မိန့်ခွန်းပြောကြားရာမှာ သမ္မတ ဘရက်ခ်အိုဘားမားက ကျုးဘားနိုင်ငံမှာ ဒီမိုကရေစီ အပြောင်းအလဲတွေ ပေါ်လာမယ်လို့ မျှော်လင့်တဲ့အကြောင်းနဲ့ ကျုးဘားအပေါ် စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှုတွေဟာ အလုပ်မဖြစ်တဲ့အကြောင်း ပြောဆိုသွားပါတယ်။ Port of Spain မြို့တော်ကနေ Michael Bowman သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး တင်ပြပေးပါလိမ့်မယ်။

Trinidad နဲ့ Tobago ကျွန်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ အမေရိကတိုက်နိုင်ငံများ ထိပ်သီးညီလာခံကနေ ကမ္ဘာတခြမ်း နိုင်ငံတွေ အကြား သဘောတူညီချက်တွေ ရအောင် ပိုပြီး လမ်းဖွင့်ပေးနိုင်ခဲ့တယ်လို့ အမေရိကန် သမ္မတ ဘရက်ခ်အိုဘားမားက ပြောပါတယ်။ သဘောတူညီချက်ဆိုတာက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေ ပိုပြီး ရလာဖို့၊ လုံခြုံရေးဆိုင်ရာ စိန်ခေါ် အကဲ စမ်းမှုတွေဖြစ်တဲ့ မူးယစ်ဆေး မှောင်ခို ရောင်းဝယ်မှု တိုက်ဖျက်ရေးလို ကိစ္စတွေ၊ နောက် စွမ်းအင်အတွက် အစားထိုး လောင်စာတွေ တိုးပြီး ထုတ်လုပ်နိုင်ဖို့ကိစ္စတွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေးရေးနဲ့ လူ့အခွင့်အရေး အာမခံချက်တွေအတွက် ဒီလို သဘောတူညီချက်တွေ ချမှတ်ဖို့ကို လိုအပ်တာတွေလို့ သမ္မတ အိုဘားမားက ပြောသွားတာ ပါ။
ဒါပေမဲ့လည်း ထိပ်သီးစည်းဝေးပွဲတက်လာတဲ့ နိုင်ငံခေါင်းဆောင်တွေနဲ့ ကိစ္စအားလုံးကိုတော့ သူ သဘောမတူတဲ့အကြောင်း သမ္မတ အိုဘားမားက ဝန်ခံ ပြောဆိုပါတယ်။
“အရင်တုန်းကလို ရှည်ရှည်ဝေးဝေး ငြင်းခုံပြီး ရှေ့ကို မရောက်နိုင်တဲ့ အတွေးအခေါ်ဟောင်းတွေကနေ ဖောက်ထွက်ဖို့ ကြိုးစားမယ်၊ တကယ်တန်း လုပ်ချင်တဲ့ ဆန္ဒရှိတယ်ဆိုရင်၊ ကျွန်တော်တို့ တိုးတက်အောင် လုပ်လို့ ရတယ်ဆိုတာ အခု ပြနေ ပါတယ်။ ဒီ ကမ္ဘာတခြမ်း နိုင်ငံတွေကြားမှာ ဒီလို အချေအတင် ငြင်းခုံတာတွေက အချိန် တော်တော်ကြာကြာ လွှမ်းမိုး နေခဲ့တာပါ။”

အမေရိကန် ပြည်ထောင်စုအပေါ် နိုင်ငံတော်တော်များများက ဝေဖန်ပြောဆိုတာကိုလည်း သမ္မတ အိုဘားမားက ဝန်ခံ ပြောဆိုပါတယ်။ ဝေဖန်တဲ့အထဲမှာ Nicaragua သမ္မတ Daniel Ortega လည်း ပါပါတယ်။ ဒါပေမဲ့လည်း ဒီ အမေရိကတိုက် ဒေသတခုလုံးဟာ အမေရိကန်ပြည်ထောင်စု အောင်မြင်မှုကို အခြေခံမှီတည်တဲ့ အရင်းအမြစ်တွေ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

“အမေရိကန်ပြည်ထောင်စုကို အပြင်းထန်ဆုံး ဝေဖန်ကန့်ကွက်သူတွေတောင်မှ အမေရိကန် စီးပွားရေး ပြန်ပြီး အားကောင်း လာတာ၊ ပြီးပြီး အဆင်ပြေတာ သေချာပေါက် ဖြစ်စေချင်ကြပါတယ်။ ဘာလို့လဲဆိုတော့ အမေရိကန်ပြည်ထောင်စုကို ကုန် ပစ္စည်းတင်ပို့တာတွေနဲ့ အမေရိကန်ပြည်ထောင်စုက ငွေပြန်လွှဲတဲ့ ကိစ္စတွေမှာ အားလုံးက အကြီးအကျယ် မှီခိုနေရလို့ပါ။”

အခု ထိပ်သီးဆွေးနွေးပွဲမှာ အမေရိကတိုက်နိုင်ငံတွေထဲက မတက်တဲ့ နိုင်ငံဆိုလို့ ကျုးဘား တနိုင်ငံပဲ ရှိပါတယ်။ ကျုးဘားနဲ့ အမေရိကန်ပြည်ထောင်စုအကြား နှစ်ပေါင်းများစွာ ဆက်ဆံရေး အဆင်မပြေတဲ့ ကိစ္စကလည်း အခု အမေရိကတိုက်နိုင်ငံ တွေရဲ့ ထိပ်သီးဆွေးနွေးပွဲကို အရိပ်ထိုးနေပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ ကျုးဘားနိုင်ငံအကြား တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်နိုင်ခြေကြေညာချက်နဲ့ တုံ့ပြန်ကြေညာချက် တွေ ထွက်လာပြီးတဲ့နောက် တပတ်အကြာမှာ သမ္မတ အိုဘားမားက ကျုးဘားဟာ မဖြစ်မနေ အပြောင်းအလဲတွေ လုပ်ရ လိမ့်မယ်လို့ ပြောဆိုပါတယ်။ ဒါပေမဲ့လည်း ကျုးဘားကို ပြောင်းလဲအောင် အတင်းအကျပ် ဖိအားပေးတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ မူ၊ စီးပွာေးရး ပိတ်ဆို့မှုတွေဟာ ကျုးဘားနိုင်ငံကို ဒီမိုကရေစီနိုင်ငံဖြစ်အောင် မပြောင်းလဲနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

“ပြီးခဲ့တဲ့ နှစ်ငါးဆယ်လုံး ကျွန်တော်တို့ ချမှတ်ခဲ့တဲ့ မူဝါဒတွေဟာ ကျွန်တော်တို့ဘက်က ဖြစ်စေချင်သလို အလုပ်မဖြစ်ခဲ့ပါ ဘူး။ ကျုးဘားပြည်သူတွေလည်း မလွတ်မြောက်ခဲ့ကြပါဘူး။”

အမေရိကန်ပြည်ထောင်စု နဲ့ ကျုးဘား နှစ်နိုင်ငံအကြား ပုံမှန်ပြန်ပြီး ဆက်ဆံရေး ထူထောင်နိုင်မယ့် ခြေခြေမြစ်မြစ် ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာမယ်လို့ အခြားနိုင်ငံခေါင်းဆောင်တွေက မျှော်လင့်ထားကြပါတယ်။ အခု တကြိမ် အမေရိက တိုက်နိုင်ငံများ ထိပ်သီးဆွေးနွေးပွဲဟာ ကာရေဗီယန် ကျွန်းနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ ဆွေးနွေးပွဲဖြစ်ပါတယ်။ ဒီ စည်းဝေးပွဲမှာတော့ ဆန္ဒပြတဲ့သူတွေ မတွေ့ရသလောက်ပါပဲ။ ၂၀၀၅ ခုနှစ်တုန်းက အာဂျင်တီးနားမှာ ဒီ ကမ္ဘာတခြမ်းက အမေရိကတိုက်နိုင်ငံတွေ ထိပ်သီးဆွေးနွေးပွဲ ကျင်းပခဲ့တဲ့ အချိန်ကတော့ အဲဒီအချိန် သမ္မတဟောင်း ဂျော့ချ် ဒဘလျု ဘုရှ် ကို ဆန့်ကျင် ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ၊ အဓိကရုဏ်းတွေ အကြီးအကျယ် ပေါ်ပေါက်ခဲ့ပါတယ်။



ဆက်စပ်သတင်းများ ...

XS
SM
MD
LG