သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှု နှောင့်နှေးမည် အေဒီဘီ ခန့်မှန်း


၂၀၀၉ ခုနှစ် အာရှ ဖွံ့ဖြိုးရေး ဘဏ်ရဲ့အစီရင်ခံစာအရ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုဟာ ပိုပြီးတော့ နှောင့်နှေးမှုတွေ ရှိနေဦးမှာပဲလို့ ဆိုပါတယ်။ ၂၀၀၇ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ သဘာ၀ ဓာတ်ငွေ့တွေ ထွက်ရှိနေတာကြောင့် နိုင်ငံရဲ့ စီးပွားရေး အခြေအနေ တိုးတက်မှုကို ဖြစ်စေနိုင်မယ့် အရိပ်လက္ခဏာတွေ ရှိခဲ့ပေမဲ့ ၂၀၀၈ခုနှစ် မေလ နာဂစ် မုန်တိုင်းဟာ နိုင်ငံရဲ့စီးပွားရေးကို ပိုမို ဆုတ်ယုတ် ကျဆင်းစေတဲ့ အချက်တွေထဲမှာ ပါဝင်ခဲ့တယ်လို့ အစီရင်ခံစာထဲမှာ ရေးသား ဖော်ပြ ထားပါတယ်လို့ စီးပွားရေး ပညာရှင် ဦးစိန်ဌေးက ပြောပါတယ်။

"၂၀၀၈ခုနှစ် အတွင်းမှာ နာဂစ် မုန်တိုင်းကြောင့် တိုင်းပြည်ဝင်ငွေ ဂျီဒီဘီရဲ့ ၂.၇%အထိ တိုးတက်မှုတွေကို အားနည်း စေခဲ့တယ်လို့ သူတို့ က ပြောပါတယ်။ ဗမာ အစိုးရကတော့ ၂၀၀၀ ခုနှစ်က စပြီး တိုင်းပြည်ရဲ့ တိုးတက်မှုနှုန်းဟာ ၁၀% အပေါ်မှာ ရှိတယ်လို့ ပြောပါ တယ်။ အဓိက က မြန်မာနိုင်ငံဟာ စိုက်ပျိုးရေး နိုင်ငံဖြစ်တယ်။ ဂျီဒီဘီရဲ့၄၄% လောက်ရှိ တယ်။ စက်မှုကဏ္ဍကတော့ ၂၀%လောက် ပါတယ်။ ဒါပေမဲ့ သဘာ၀ ဓာတ်ငွေ့ တင်ပို့မှုကြောင့်သာလျှင် တက်နေတာ ဖြစ်တယ်။ စက်မှုကဏ္ဍ က တိုးတက်နေတာ မဟုတ်ဘူး။ ကမ္ဘာ့နိုင်ငံများက ပံ့ပိုးမှုကိုလည်း ရအောင် ယူပေမဲ့ တကယ်တမ်းဆို နိုင်ငံတကာရဲ့ ပူးပေါင်း ဆောင်ရွက်မှုအားနည်းနေတဲ့အတွက် ၃နှစ်စာ ရီကာဗာရီကို ပေးတာလည်း အပြည့်အ၀ မရသေးဘူး။ အထူးသဖြင့် ကုန်သွယ်ဖက် နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်းတို့ရဲ့ စီးပွားရေး အကောင်အထည် ဖော်မှုတွေ နှေးကွေးမယ်။ ဒီ နှေးကွေးမယ့် ဂယက်ကြောင့် မြန်မာနိုင်ငံမှာ စီးပွားရေးအောင်မြင်အောင် အကောင်အထည်ဖော်မှုပိုင်းမှာ အားနည်းပါလိမ့်မယ်လို့ ယေဘုယျ ဆိုထားပါတယ်။"

နာဂစ်မုန်တိုင်းကြောင့် စီးပွားရေး ပိုမို ကျဆင်းလာတယ်ဆိုတဲ့ အချက်အလက်တွေအပြင် နိုင်ငံအတွင်းက အောက်ခြေ လူထုရဲ့ နိစ္စဓူ၀ နေထိုင်စားသောက်မှု အဆင့်အတန်းကို လေ့လာကြည့်ရင်တောင် မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ဆိုးရွားတဲ့အဆင့်မှာ ရှိနေဆဲပဲဆိုတာကို မြင်နိုင်တယ်လို့ ဆိုပါတယ်။

"ပြည်သူတွေရဲ့စားဝတ်နေရေးဟာ တနေ့တနေ့ ကျပ်တည်းလာသလား၊ ချောင်လည်လာသလား၊ ရပ်တန့်နေသလားဆိုတဲ့ အချက်ဟာ အဓိက ညွှန်ကိန်းပဲ။ တိတိကျကျ ခိုင်မာတဲ့ ညွှန်ကိန်းပဲ။ ကျဆင်းနေတာပဲ။ အခုလည်း ကျဆင်းတယ်။ နာဂစ်ကြောင့် ကျဆင်းတယ်။ နောက်နှစ်မှာ ပိုကျမှာပဲ။ ဒါကို မှန်သလား၊ မမှန်သလားဆိုတာ အထဲက ပြည်သူလူထုသာ မေးကြည့်ပါ။ အချက်အလက်ကတော့ သူတို့တွေရဲ့ မိတ်ဆွေတွေ မပါဘူးနော်။ အခြေခံ လူတန်းစား၊ လူလတ်တန်းစားနဲ့ အောက်ခြေ လူတန်းစား၊ အများစုရဲ့ စီးပွားရေး အခြေအနေတွေ ကျပ်တည်းလာပြီဆိုရင်တော့ တိုင်းပြည်ကို အုပ်ချုပ်နေ သူများ စီးပွားရေး စီမံခန့်ခွဲမှု ညံ့ဖျင်းလို့ တိုင်းပြည်စီးပွားရေး ကျဆင်းနေတယ်ဆိုတာ ပေါ်လွင်နေတာပဲ။"

၂၀၀၉ ခုနှစ် အာရှဖွံ့ဖြိုးရေးဘဏ် ဖေါ်ပြချက် တခုမှာ တွေ့ရတာကတော့ မြန်မာနိုင်ငံက ထွက်ရှိနေတဲ့ သဘာ၀ သယံဇာတ ဓာတ်ငွေ့တွေ ကနေ ရနေမယ့် နိုင်ငံဘဏ္ဍာငွေဟာ ဒေါ်လာငွေ ၃.၄ ဘီလီယံ ရှိနိုင်တယ်လို့လည်း ဖေါ်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG