အီရန်နိုင်ငံမှာ ထောင်ကျနေတဲ့ အီရန်နွယ်ဖွား အမေရိကန် အမျိုးသမီး သတင်းထောက်ရော့က်စ်ဆန်နာ ဆာဘရီ (Roxana Saberi) ရဲ့ အယူခံအမှုကို လျှင်မြန်မျှတစွာ စစ်ဆေးဖို့ အီရန်တရားရေးဌာန အကြီးအကဲ အယာတိုလာ မာမွတ်ဒ် ဟာရှီမီ ရှာရူဒီ (Ayatollah Mahmoud Hashemi Shahroudi) က တီဟီရန် တရားရုံးကို အမိန့်ပေးလိုက်ပါတယ်။
အဲဒီသတင်းထောက် ဆာဘရီကို သူလျှိုလုပ်မှုနဲ့ ထောင်ဒဏ် ၈ နှစ် ချမှတ်လိုက်ပြီး နောက် ၂ ရက်အကြာမှာ အဲဒီအမိန့် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
တနင်္လာနေ့က ဆာဘရီရဲ့မိဘများ သူမနဲ့ သွားတွေ့တဲ့အခါ ကျန်းမာရေး အခြေအနေကောင်းမွန်ကြောင်း ပြောဆိုတယ်လို့ အေပီသတင်းဌာနက ကိုးကားဖော်ပြပါတယ်။
ဝါရှင်တန်မှာတော့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က သတင်းထောက် ဆာဘရီကို ချက်ချင်း လွှတ်ပေးဖို့ ထပ်မံတောင်းဆိုလိုက်ပြီး အီရန် တရားရေးဌာန အကြီးအကဲနဲ့ သမ္မတ မာမွတ်ဒ် အမာဒီနီဂျက်ဒ် (Mahmoud
Ahmadinejad) တို့ရဲ့ ပြောဆိုချက်များကို အလုပ်နဲ့ အကောင်အထည် ဖော်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း မစ္စကလင်တန်က ပြောဆိုပါတယ်။
အယူခံလွှာအမှု စစ်ဆေးတဲ့အခါ အမေရိကန် အမျိုးသမီး သတင်းထောက်ကို အပြည့်အစုံ ချေပခွင့်ပေးရမယ်လို့ အီရန် သမ္မတ က ပြောဆိုခဲ့ပါတယ်။