ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံက ဘဏ္ဍာရေးဝန်ကြီးများဟာ ကမ္ဘာ့စီးပွားရေးကျဆင်းမှု စတင်လျော့ပြေမယ့် အရိပ် လက္ခဏာများ တွေ့နေရပြီလို့ ပြောပါတယ်။ G7 ခေါ် စက်မှုထွန်းကား ၇ နိုင်ငံ စည်းဝေးပွဲ ဝါရှင်တန်မြို့မှာ သောကြာနေ့က ပြုလုပ်ပြီး အတူတကွ လက်တွဲလုပ်ဆောင်ကြဖို့ ထပ်မံအတည်ပြုခဲ့ကြပြီးတော့ ကမ္ဘာကြီးကို စီးပွားရေးကျဆင်းနေခြင်းကနေ ပြန်ကယ်တင်မယ်လို့ ဆိုပါတယ်။
လတ်တလောအချက်အလက်များကို လေ့လာကြည့်တဲ့အခါ စီးပွားရေးကျဆင်းမှု နှေးကွေးသွားပုံရကြောင်း အလုပ်အကိုင် ပြန်ဖော်ရေး၊ စီးပွားရေးတိုးတက်ရေး၊ ဒီအကျပ်အတည်းမျိုး နောက်ထပ်မဖြစ်ရေး အတူလုပ်ဆောင်သွားမယ်လို့ ပူးတွဲ ကြေညာချက်ထဲမှာ ဘဏ္ဍာရေးဝန်ကြီးများက ဖော်ပြထားကြပါတယ်။
ကမ္ဘာ့စီးပွားရေးကထွက်လာတဲ့ အမှောင်ထုကြီး ကုန်လွန် လွန်မြောက်ဖို့ ဝေးသေးတယ် လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး တီမိုသီ ဂိုင်(သ်)နာ (Timothy Gaithner) က စည်းဝေးပွဲအပြီးမှာ သတိပေးလိုက်ပါတယ်။ နိုင်ငံတွေအနေနဲ့ စီးပွားရေး ဦးမော့ လာရေး အစီအစဉ်များ လုပ်ဆောင်ပြီး စားသုံးသူများနဲ့ စီးပွားရေးလုပ်ငန်းရှင်များ ချေးငွေရရှိရေးလည်း ဆက်လက် လုပ်ဆောင်ရမယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးက ပြောဆိုပါတယ်။