သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟီလရီကလင်တန် အီရတ်ကို မကြေညာဘဲရောက်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလရီကလင်တန် (Hillary Clinton) ဟာ နိုင်ငံခြားရေးဝန်ကြီးရာထူးရယူပြီး ပထမဆုံး အကြိမ်အဖြစ် အီရတ်နိုင်ငံကို ရောက်ရှိနေပါတယ်။ အခုချိန်ထိတော့ ၀န်ကြီးကလင်တန်ဟာ အမေရိကန်စစ်တပ်တပ်မှူးတွေ အပြင် အီရတ်ထိပ်တန်းအစိုးရ အရာရှိတွေနဲ့လည်း တွေ့ဆုံပြီးပါပြီ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ဗွီအိုအေ သတင်းထောက် အဒ်ဝါ့ဒ် ယီရေနီယံ (Edward Yeranian) သတင်းပေးပို့ထားတာကို နော်ရှိုးက တင်ပြထားပါတယ်။

အီရတ်နိုင်ငံက အဓိကမြို့ပြတွေမှာ တပ်ချထားတဲ့ အမေရိကန်တပ်တွေကို ပြန်ဆုတ်ဖို့ ရက်သီတင်းပတ် အနည်းငယ်အလို မှာပဲ အီရတ်မှာ အသေခံဗုံးကွဲမှုတွေနဲ့ သွေးထွက်သံယို အကြမ်းဖက်မှု အရှိန်မြင့်လာပြီး မတည်မငြိမ်ဖြစ်နေတဲ့ အချိန်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရောက်လာခဲ့တာဖြစ်ပါတယ်။ အီရတ်နိုင်ငံရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အီရတ် နိုင်ငံခြားရေး ၀န်ကြီး ဟိုရှ်ယာ ဇီဘာရီ (Hoshyar Zebari) နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ခုမှာ ၀န်ကြီး ကလင်တန်က အခုလို ပြောပါတယ်။

“အခုဖြစ်ပျက်နေတာဟာ ၀မ်းနည်းစရာကောင်းသလို ထိတ်လန့်စရာလည်း ကောင်းပါတယ်။ ဒါပေမဲ့ ခုအချိန်ထိ ကြိုးကြိုးစားစားနဲ့ စီမံဆောင်ရွက်လာခဲ့တဲ့ လုံခြုံရေးဆိုင်ရာ တိုးတက်မှုတွေကနေ သွေဖီသွားတာတော့ မဟုတ်ပါဘူး။ လူ့အသက် အမြောက်အများ ဆုံးရှုံးရတာကတော့ ကြေကွဲစရာပေါ့ရှင်။ ဒါပေမယ့် အီရတ်ပြည်သူနဲ့ ခေါင်းဆောင်တွေက ကြံ့ကြံ့ခံနိုင်ရည်ရှိသလို အကြမ်းဖက်မှုတွေ၊ အီရတ်နိုင်ငံသားအချင်းချင်း တိုက်ခိုက်တာတွေကို တွန်းလှန်တဲ့နေရာမှာလည်း တစုတစည်းတည်း ရှိကြပါတယ်။ အီရတ်ပြည်သူတွေဟာ အနစ်နာခံ စွန့်စားကြသလို အလုပ်ကြိုးစားတယ်၊ သတ္တိရှိတယ်။ ကျမတို့အနေနဲ့ အီရတ်ပြည်သူတွေဘက်ကနေ ရပ်တည်နေပါတယ်။”

အီရတ်မှာ ပြီးခဲ့တဲ့ကြာသပတေးနေ့က အသေခံဗုံး ၂ လုံး၊ သောကြာနေ့က နောက်ထပ် အသေခံဗုံး ၂ လုံးကွဲခဲ့လို့ လူ အမြောက်အများ သေပြီး ဒဏ်ရာရခဲ့တာပါ။ အဲဒီထဲက အများစုက ရှီးအိုက် မူဆလင်တွေ ဖြစ်တာကြောင့် ဒါတွေဟာ လူစု တခုခုအပေါ် တိုက်ခိုက်ခဲ့ပုံ ဖြစ်နေခဲ့ပါတယ်။ အီရတ်နိုင်ငံခြားရေးဝန်ကြီး ဇီဘာရီက ဒီနောက်ပိုင်း ဖြစ်ပွားလာနေတဲ့ အကြမ်းဖက်မှုတွေဟာ လာမယ့်ဇွန်လကစလို့ အမေရိကန်တပ်တွေ အီရတ်နိုင်ငံရဲ့ အဓိကမြို့ကြီးတွေကနေ ပြန်ထွက်သွား မယ့် အစီအစဉ်ကို အဟန့်အတား ဖြစ်စေမယ်လို့ သူမထင်ဘူးလို့ အတိအလင်းပြောဆိုခဲ့ပါတယ်။

“ကျနော့်တစ်ဦးတည်းအမြင်ကတော့ အခုလို သွေးထွက်သံယိုဖြစ်တဲ့အထိ အကြမ်းဖက်မှုတွေ တိုးမြင့်လာတာက အစိုးရရဲ့ အစီအစဉ်တွေ နှောင့်နှေးသွားမှာ မဟုတ်ပါဘူး။ အမေရိကန်တပ်တွေ အဓိကကျတဲ့ မြို့ ပြဒေသတွေ၊ လူစုဝေးရာအရပ်တွေ ကနေ သတ်မှတ်ထားတဲ့ အချိန်ဇယားအတိုင်း ပြန်ထွက်သွားမှာ ဖြစ်ပါတယ်။ သူတို့ ထွက်သွားပြီးတဲ့ အခါကြရင်လည်း အဲဒီ နေရာတွေမှာ လုံခြုံရေးအတွက် တာဝန်ယူမယ့်သူတွေ မလစ်ဟာသွားရအောင် နိုင်ငံတကာ တပ်တွေနဲ့ ကျနော်တို့ အနီးကပ် ညှိနှိုင်းတိုင်ပင် စီစဉ်နေပါတယ်။”

ဝန်ကြီး ကလင်တန် ကလည်း အီရတ်က သာမန်ပြည်သူတွေ၊ အမျိုးသမီးတွေ စစ်ကြောင့် မုဆိုးမဖြစ်သွားရသူတွေနဲ့ တွေ့ဆုံခွင့် ရတဲ့အတွက် ၀မ်းသာမိကြောင်း ပြောကြားခဲ့ပါတယ်။

“အီရတ်အမျိုးသမီးအဖွဲ့တွေ၊ စစ်ထဲမှာ ခင်ပွန်းဆုံးရှုံးသွားရသူတွေ၊ ကလေးတွေနဲ့ တွေ့ခွင့်ရတဲ့အတွက် ကျမအနေနဲ့ အထူး ကျေးဇူးတင်ပါတယ်။ အလွှာလွှားအသီးသီးက အီရတ်ပြည်သူတွေနဲ့ အခုလို သမိုင်းဝင်တဲ့မြို့မှာ စုဝေးခွင့်ရတဲ့ အတွက်လည်း
ဝမ်းသာမိပါတယ်။ ကျမ ခရီးတထောက်နားတိုင်း အမေရိကန်နိုင်ငံဟာ အီရတ်နိုင်ငံနဲ့ ပြည်သူတွေဘက်က ရပ်တည်သွား မယ် ဆိုတဲ့ သမ္မတအိုဘားမားရဲ့ စကားကို ပါးပါတယ်။ အီရတ်နိုင်ငံကို တည်ငြိမ်ပြီး အချုပ်အခြာအာဏာ ခိုင်မာတဲ့ နိုင်ငံ အဖြစ် ရပ်တည်လာနိုင်ရေး၊ ဒေသအတွင်း နိုးကြားတက်ကြွတဲ့ နိုင်ငံတစ်ခု ဖြစ်ပေါ်လာရေးအတွက် ကျမတို့ အစွမ်းကုန် ကြိုးစားမှာဖြစ်ပါတယ်။”

မနေ့က ဘက်ဂဒက် လေဆိပ်မှာ ၀န်ကြီးကလင်တန် ကို အီရတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်သစ် ခရစ်တိုဖာ ဟေးလ် (Christopher Hill) က လာရောက်ကြိုဆိုတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG