အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆီရီးယားနဲ့ စကားပြောဖို့ တံခါးဖွင့်ထားတယ်ဆိုပေမဲ့ လက်ဘနွန်နိုင်ငံအပေါ် ထောက်ခံ မှုကိုတော့ စွန့်လွှတ်မှာမဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က လက်ဘနွန်နိုင်ငံကို အာမခံ ပြောဆိုပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဟီလာရီဟာ လက်ဘနွန် သမ္မတ Michel Sleiman နဲ့ ဘေရွတ်မှာ တနင်္ဂနွေနေ့က ဆွေးနွေးအပြီး ပြောဆိုတာပါ။ လက်ဘနွန်က သဘောထား ပျော့ပြောင်းသူတွေရဲ့ အသံ သဘောထားကို ဆက်ပြီး ထောက်ခံသွားမယ်လို့ မစ္စက် ကလင်တန်က ပြောပါတယ်။ လက်ဘနွန်နိုင်ငံနဲ့ လက်ဘနွန်ပြည်သူတွေကို အန္တရာယ်ပေးမယ့် ကိစ္စတွေအပေါ် အမေရိကန် ပြည်ထောင်စုအနေနဲ့ ဆီးရီးယားနဲ့ အပေးအယူလုပ် ညှိုနှိုင်းမှာတော့ မဟုတ်ဘူးလို့ မစ္စက်ကလင်တန်က ပြောပါတယ်။
လက်ဘနွန်နိုင်ငံမှာ ခြိမ်းခြောက်မှုတွေ အကြမ်းဖက်မှုတွေနဲ့ ပြင်ပက သြဇာ သက်ရောက်မှုတွေ ကင်းပြီး လွတ်လပ်ပြီး မျှတ တဲ့ ရွေးကောက်ပွဲ တရပ် ဖြစ်လာဖို့လည်း နိုင်ငံခြားရေး ဝန်ကြီး ကလင်တန်က တောင်းဆိုခဲ့ပါတယ်။ အခု ရွေးကောက်ပွဲ မှာတော့ ရှိရတ် မွတ်ဆလင် စစ်သွေးကြွ ဟစ်ဇဘိုလာတို့က အနိုင်ရကိန်း ရှိနေပါတယ်။ အမေရိကန်ပြည်ထောင်စုကတော့ ဟစ်ဇဘိုလာအဖွဲ့ကို အကြမ်းဖက် အဖွဲ့တခုအနေနဲ့ ကြေညာ သတ်မှတ်ထားပါတယ်။ ဒီ ရွေးကောက်ပွဲ ရလဒ်အပေါ် ကြည့်ပြီးတော့ လက်ဘနွန်ဆိုင်ရာ မူဝါဒကို ပြန်ပြီး သုံးသပ်မယ်လို့ အမေရိကန်အရာရှိတွေက ပြောဆိုပါတယ်။